တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ရေပေးဝေရေး၏ ရေများ ပုံမှန်အတိုင်း ရရှိရန် ကြာဦးမည်

တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ရေပေးဝေရေး၏ ရေများ ပုံမှန်အတိုင်း ရရှိရန် ကြာဦးမည်

 အဆိုးရွားဆုံး ရေကြီးရေလျှံမှု နှင့် ကြုံတွေ့ခဲ့ရသည့် တာချီလိတ်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည့် နည်းတူ ရေပေးဝေရေးမှ ရေများလည်း ပြတ်တောက်ခဲ့ရသည်ဖြစ်ရာ အချို့နေရာများတွင် စက်တင်ဘာလ(၁၄)ရက်နေ့ညပိုင်းက စပြီး ရေများ ပြန်လည် ရရှိနေပြီဖြစ်သော်လည်း နေရာတော်တော်များများတွင် ရေများကို ပုံမှန်အနေအထားအတိုင်း ရရှိရန်မှာ အချိန်ကာလ   ကြာနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။

"အခုတော့ အတတ်နိုင်ဆုံးမြို့ထဲကို ရေပြန်လွှတ်ထားပါပြီ။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ပြင်ဆင်ရမှာက တော်တော်လေးများတယ်။ တခုလုံးနီးပါး ပျက်စီးသွားတာပါ။ ခုကရေကို ရသလောက်လေး မြို့ထဲကို ပြန်လွှတ်နေပါတယ်။ ရေလာရင်လည်း ရေလာရုံလေးပဲ လာဦးမှာ။ ရေအားတော့ မပါလာသေးပါဘူး။"ဟု တာချီလိတ်မြို့ ရေပေးဝေရေးမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့က ပြောသည်။

ရေများမှာ လတ်တလောတွင် တာချီလိတ်မြို့တွင်း အနိမ့်ပိုင်းရပ်ကွက်များ၌ လာနေပြီဖြစ်သော်လည်း ရေအားနည်းနေခြင်းကြောင့် ရေအသုံးပြုသူများသည့်အတွက် အဆင်မပြေနိုင်သေးကြောင်း သိရသည်။

"အခု ကျွန်တော်တို့ရေကလည်း အနိမ့်ပိုင်းတွေမှာ လာနေတယ်ဆိုပေမဲ့လည်း လူတွေအများကြီး ဆွဲသုံးနေတဲ့အချိန်မှာ တချို့နေရာတွေမှာ လာနိုင်တဲ့နေရာ လာတယ်။ မလာနိုင်တဲ့နေရာက မလာနိုင်ဘူးဖြစ်နေတယ်။ လျှပ်စစ်မီးလိုမျိုး ရပ်ကွက်အလိုက် လာတာမျိုးမဟုတ်ဘဲ တချို့အိမ်လာတယ် တချို့အိမ်မလာ အဲ့လိုလေးတွေ ဖြစ်နေသေးတယ်"ဟု ၎င်းက ဆိုသည်။

တာချီလိတ်မြို့တွင်း ရပ်ကွက်များရှိ အချို့နေရာများတွင် ရေများရရှိနေပြီဖြစ်သော်လည်း ရေများမှာ ပုံမှန်အတိုင်း ဟုတ်မနေဘဲ ရေအားနည်းနေသေးကြောင်း နှင့် ပိုက်အတွင်း ရေလမ်းကြောင်းမှာ လေဖိအား ပေါ်လည်း မူတည်သည့်အတွက် ရေဘား/ရေ ခေါင်းများ ဖွင့်ထားဖို့ လိုမည်ဖြစ်ကြောင်း ၎င်းက အကြံပြုထားသည်။

"ရေမီတာ အထွက်ကနေ ရေတွေတော့ ရောက်နေကြမှာပါ။ တော်တော်များများက အိမ်ပေါ်ကို ရေတင်ထားတော့ အိမ်ပေါ်ထိ ရေမတက်လို့ မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။ လေနဲ့လိုက်ပြီးရေက သွားရတာမလို့ ရေဘားတွေ ဖွင့်ထားတဲ့ နေရာတွေတော့ လေနဲ့အတူရေ အနည်းငယ်တော့လိုက်လာပါပြီ။ ရေဘားတွေ ဖွင့်ထားပေးရင်တော့ အကောင်းဆုံးပါ ရေက လေနဲ့အတူတူ လိုက်လာလို့ပါ"ဟု တာချီလိတ်မြို့ ရေပေးဝေရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေပေးဝေရေးလုပ်ငန်း၏ ပိုက်လိုင်းများမှာ ရေကြီးရေလျှံမှု နှင့်အတူ မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိသလို ပိုက်ပေါက်သည်များလည်း ရှိသည့်အပြင် သွားလာရာပါ အခက်အခဲဖြစ်နေ၍ ရေများ ပုံမှန်အတိုင်း ရရှိရေးမှာ ကြာနိုင်ဦးမည် ဖြစ်ကြောင်း သိရသည်။

"ရေစယူတဲ့ နေရာကနေ  မြို့ထဲပေးပို့မှုတွေမှာ ပိုက်တွေက မြေပြိုပြီး ရေချောင်းထဲတွေ ကျကုန်တာရယ် ပိုက်တွေပေါက်ပြီး ပိုက် Levelတွေ ချို့ယွင်း ကုန်တာပါ။ ရေပိုက်က  Gravity Flow နဲ့ စီးဆင်းနေတာမလို့ Level တွေက မူလအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူပြီး ပြန်လုပ်ဆောင်ရဦးမှာပါ။ ကြာချိန်ကတော့ ခန့်မှန်းလို့ မရသေးပါဘူး ကြာနိုင်ပါသေးတယ်။ နေရာ တော်တော်များများ ခြေလျင်နဲ့ပဲ သွားလို့ရလို့ လုပ်ငန်း လုပ်ဆောင်ဖို့ ခက်နေတာ။"ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းကစပြီး ရေများ ပြန်လည်ကျသွားသော်လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် နေအိမ်များစွာ ပျက်စီးခဲ့သလို လျှပ်စစ်ဓါတ်တိုင်များ လဲပြိုကျိုးကျခြင်းများ အပြင် လမ်းများပါ ပျက်စီး၍ သွားလာရ ခက်ခဲသည့် အခြေအနေ နှင့် တွေ့ကြုံခဲ့ရသည်။