တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရက်ရှည်ကြာ ပိတ်မိနေပြီး အစာရေဆာပြတ်လပ်မှုနှင့် ကြုံခဲ့ရသည့် ရေဘေးသင့်ပြည်သူများထံ အလှူရှင်များ စတင် ရောက်ရှိ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရက်ရှည်ကြာ ပိတ်မိနေပြီး အစာရေဆာပြတ်လပ်မှုနှင့် ကြုံခဲ့ရသည့် ရေဘေးသင့်ပြည်သူများထံ အလှူရှင်များ စတင် ရောက်ရှိ
စက်တင်ဘာ 16, 2024 | ရှမ်းရှေ့

 ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့မှုကြောင့်  ရက်ရှည်ကြာ အစာရေဆာပြတ်လပ်မှုနှင့် ကြုံခဲ့ရသည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ဗေဒါလမ်း(အလူရာဟိုတယ်လမ်း)မှ ပိတ်မိနေသည့် ရေဘေးသင့် ပြည်သူများကို တာချီလိတ်မြို့မှ စေတနာရှင်များက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင် သွားရောက်၍ လှူဒါန်းပေးလိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 



"ဒီနေ့ ကျွန်တော်တို့  ပုန်းထွန်ရပ်ကွက်အတွင်း ဗေဒါလမ်းထဲကို ရောက်အောင်သွားခဲ့တယ်။ ဒီနေ့အချိန်အထိ ဘယ်ကယ်ဆယ်ရေးမှ မလာသေးဘူးတဲ့ သူတို့ ပြန်ပြောပြတယ်။"ဟု သွားရောက်လှူဒါန်းခဲ့သူ တစ်ဦးက Tachileik News Agency သို့ ပြန်ပြောပြသည်။



ရေကြီးရေလျှံမှု စတင်ဖြစ်ပွားအပြီး စက်တင်ဘာလ(၁၄)ရက်နေ့အထိ အဆိုပါလမ်းတွင် ရေများမှာ အများပြားရှိခဲ့သော်လည်း စက်တင်ဘာလ(၁၅)ရက်နေ့က စပြီး ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့အထိ နည်းနည်းစီ ကျသွားခဲ့ပြီးနောက် ရွံ့နွံများသာ သိသိသာသာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

"နွံတွေက ပေါင်လောက်အထိ ရှိတယ်။ တချို့နေရာတွေက ရေနည်းနည်းရှိတယ်။ ပေါင်လောက် ဒူးလောက်ကျန်တယ်။ တချို့နေရာတွေမှာက နွံအရမ်းများတဲ့နေရာတွေ ရှိတယ်"ဟု ၎င်းက ပြောပြသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီးနောက် အချို့နေရာများတွင် စက်တင်ဘာလ(၁၃)ရက်နေ့က စပြီး ရေများ အနည်းငယ်စီ ပြန်လည်ကျသွားခဲ့သော်လည်း  ပုန်းထွန်ရပ်ကွက်အတွင်း ဗေဒါလမ်း(အလူရာဟိုတယ်လမ်း)မှာ မယ်ဆိုင်ချောင်းနှင့်အနီးဆုံးဖြစ်၍ ရေများမကျသွားသလို ရေစီးသန်နေခြင်းကြောင့် ကယ်ဆယ်ရေးနှင့်အလှူရှင်များ မသွားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် အဆိုပါ လမ်းတွင် အလှူရှင်များသွားလာနိုင်ကာ လှူဒါန်းနိုင်ပြီဖြစ်ကြောင်းနှင့် ရွှံ့နွံများရှိနေ၍ သတိထားသွားလာရန် လိုမည်ဖြစ်ကြောင်း သိရသည်။

 ဗေဒါလမ်း(အလူရာဟိုတယ်လမ်း)၌ လက်ရှိတွင် လူဦးရေ (၁၀၀)ကျော်ရှိနေကြောင်း သိရသည်။

"အလှူရှင်အဖွဲ့တွေ တော်တော်များများက ရေကြီးနစ်မြုပ်တဲ့ အတွင်းပိုင်းတွေအထိ သိပ်မရောက်ကြလို့ အတွင်းပိုင်းတွေထိ သွားစေချင်တယ်။ အလှူရှင်တွေက လမ်းတစ်နေရာကို ဝင်လှူလိုက်ရင် လမ်းတဝက်လောက်မှာတင် ကုန်သွားတာများတယ် အတွင်းပိုင်းကို သိပ်မရောက်ဖြစ်လိုက်ကြဘူး။"ဟု ဒေသခံတစ်ဦးက အကြံပြုပြောဆိုသည်။

တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံ ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့သည့်ကာလအတွင်း ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ အကူအညီများကို ရရှိခြင်းမရှိဘဲ ပိတ်မိနေသူများစွာရှိနေခဲ့ရာ ဒေသတွင်း လူမှုရေးအသင်းအဖွဲ့များ နှင့် စေတနာရှင်များ၏ အကူအညီကိုသာ ရကြသည်ဟု သိရသည်။