လာအိုနိုင်ငံ ရွှေတြိဂံအထူးရေးစီးပွားရေးဇုန်နေ မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ရာ ဒေသများသို့ လှူဒါန်းပေးနိုင်ရန် စုပေါင်း လုပ်ဆောင်နေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးရေးစီးပွားရေးဇုန်နေ မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ရာ ဒေသများသို့ လှူဒါန်းပေးနိုင်ရန် စုပေါင်း လုပ်ဆောင်နေ

 မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့် ပြည်သူများအား လှူဒါန်းပေးနိုင်ရန်အတွက် တာချီလိတ်မြို့အနီး လာအိုနိုင်ငံ ရွှေတြိဂံအထူးရေးစီးပွားရေးဇုန်တွင် အလုပ် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများက   အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ လှူဒါန်းနေရာ ရွှေမေတ္တာအကျိုးတော်ဆောင်အသင်းက ပြန်လည်လှူဒါန်းပေးနိုင်ရန်အတွက် လက်ခံပေးနေကြောင်း သိရသည်။

ရွှေတြိဂံအထူးရေးဇုန်အတွင်း အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ လှူဒါန်းလာသည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများကို ဖောင့်ဆောင်ရှိ  ရွှေမေတ္တာအကျိုးတော်ဆောင်အသင်းက ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ကစတင်ကာ လက်ခံပေးနေလျှက်ရှိကြောင်း သိရသည်။

စုပေါင်းလှူဒါန်းကြသည့် ငွေကြေးနှင့်ပစ္စည်းများကို  ရွှေမေတ္တာအကျိုးတော်ဆောင်အသင်းက နေပြည်တော် တပ်ကုန်းအပါအဝင် ရေဘေးကြောင့် အခက်အခဲဖြစ်ပွားရာ ဒေသများသို့ ကိုယ်တိုင်သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

"တပ်ကုန်းဘက် အရင်သွားမယ်၊ ငွေပမာဏပေါ် မူတည်ပြီး တခြားနေရာလည်းသွားဖို့ကို (၁၈)ရက်နေ့အထိ အလှူငွေကို တွက်ချက်ကြည့်ပြီးမှ  ပြန်ဆုံးဖြတ်ချက်ချမယ်။  ဘယ်နှစ်နေရာသွားမလဲပေါ့၊ တစ်နေရာကို ဘယ်လောက်သွား ထောက်ပံ့မလဲပေါ့၊ ပြီးတော့ ဘယ်နေရာက ပိုဒုက္ခရောက်နေသလဲပေါ့၊  ကိုယ်တိုင် နေရာအရောက်သွားဖို့ စီစဉ်ထားတယ်"ဟု  ရွှေမေတ္တာအကျိုးဆောင်အသင်း၏ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် စေတနာရှင် အလှူရှင်များက အလှူငွေများအပြင် အဝတ်အထည်များနှင့် အသင့်စား အစားအစာများ လှူဒါန်းထားကြောင်း သိရသည်။

 လာအိုနိုင်ငံ ရွှေတြိဂံအထူးရေးစီးပွားရေးဇုန်တွင် အလုပ် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် Covid-19 ကာလတုန်းကလည်း တာချီလိတ်မြို့၏ Covid-19 တားဆီးကာကွယ်ရေးတွင် ပါဝင်လှူဒါန်းခဲ့ဖူးသလို မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များနှင့် ကြုံလာသည့်အခါတိုင်းလည်း စုပေါင်းလှူဒါန်းလေ့ရှိကြသည်။

 

Photo: ရွှေမေတ္တာအကျိုးတော်ဆောင်အသင်း