တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်တွင် မြေပြိုမှုကြောင့် ကလေးငယ်တစ်ဦး ပေါင်ကျိုးပြီး မြေပိနေ၍ အသက်အန္တရာယ် စိုးရိမ်ရသူများရှိနေ 

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်တွင် မြေပြိုမှုကြောင့် ကလေးငယ်တစ်ဦး ပေါင်ကျိုးပြီး မြေပိနေ၍ အသက်အန္တရာယ် စိုးရိမ်ရသူများရှိနေ 
စက်တင်ဘာ 11, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ခရစ်ယာန်သင်္ချိုင်းအနောက်ဘက်ရှိ ရာဘာခြံအနီး ဝမ်မိုင်ရွာတွင် မြေပြိုမှုကြောင့် မြေပိပြီး အသက်အန္တရာယ်ရှိနေ၍ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

"ရာဘာခြံဘက် တောင်ကနေ မြေပြိုလာတယ်။ မြေမပြိုခင်မှာ အဲ့တောင်ကနေ အော်သံတွေ နာရီဝက်လောက်ကို ကြားရတယ်။  အဲ့နောက် ချက်ချင်းကြီး မြေပြိုလိုက်တော့ လူတွေလည်း ပြင်ဆင်ချိန်နဲ့ ရှောင်ချိန်မရလိုက်ဘူး။ ဘယ်သူမှလည်း မထင်ထားဘူး။ ပြိုကျတဲ့   ကလေးငယ်လေး တစ်ဦး ပေါင်ကျိုးသွားတယ်၊ လူကြီးတွေလည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။



အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ 



"မြေထဲမှာ ပိနေတဲ့သူတွေလည်း ရှိနေတယ်။ သေသလား ရှင်သလားဆိုတာတော့ မသိဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

မြေပြိုမှု ခံရသည့် အိမ်ခြေမှာ နေအိမ်(၅)အိမ်မှ (၁၀)အိမ်ဝန်းကျင်အထိရှိသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့၏ နံနက်ပိုင်းက စပြီး စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းအထိ ရေကြီးရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်နေလျှက်ရှိကြောင်း သိရသည်။