တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုကြောင့် ကူရာမဲ့နေသည့် ကလေးငယ်များ ကြောက်လန့် ငိုယို

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုကြောင့် ကူရာမဲ့နေသည့် ကလေးငယ်များ ကြောက်လန့် ငိုယို
စက်တင်ဘာ 10, 2024 | ရှမ်းရှေ့

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ ၏ တစ်နေ့တာအတွင်း အဆိုးရွားဆုံး စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ရေများမှာ ဆက်လက် တက်နေဆဲဖြစ်၍ မယ်ဆိုင်ချောင်းနှင့် အနီးဆုံးဖြစ်သည့် ပုန်းထွန်ရပ်ကွက်အတွင်း ပိတ်မိနေသူများထဲမှ ကလေးငယ်များမှာ ကြောက်လန့်ပြီး အော်ဟစ်  ငိုယိုနေသည့် အသံများကို ကြားရကြောင်း သိရသည်။

"ရေတွေ ဒုတိယအထပ်ထိ တက်လာတော့ ကလေးတွေက ကြောက်ပြီး ငိုနေကြတာ။ မိုးချုပ်လာတော့ ဘယ်သူမှ လာမကယ်နိုင်ကြတော့ဘူးလားဆိုပြီး ပြောဆို ငိုတာတွေ ကြားရတယ်။"ဟု ပုန်းထွန်ရပ်ကွက်တွင်း နေထိုင်သူ တစ်ဦးက ပြောပြသည်။

မိုးတနေကုန်ရွာပြီး ရေများ ပိုမို တက်လာနေရာမှ ယနေ့ ည(၉)နာရီဝန်းကျင်ကစပြီး မိုးတိတ်သွားသော်လည်း ရေများမှာ ဆက်လက် တက်နေဆဲဖြစ်ကြောင်း သိရသည်။

"အခုတော့ မိုးနည်းနည်း ရပ်သွားတယ်။ ရေကတော့ ဆက်တက်နေတုန်းပဲ ခွေးအော်သံတွေ ကလေးငိုသံတွေကတော့ အခုချိန်ထိ ဆူညနေတုန်းပဲ"ဟု ၎င်းက ယနေ့ ည(၉)နာရီ ခွဲဝန်းကျင်တွင် ပြောသည်။

ရေကြီးရေလျှံမှုကြောင့် ပုန်းထွန်ရပ်ကွက်အတွင်း ပိတ်မိနေသူများထဲတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများစွာ ရှိကြောင်း သိရသည်။

 

Photo: Pyae Phyo Aung