တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် တံတား(၁)ကနေ ကားနှင့်ဆိုင်ကယ် ဖြတ်သန်းခွင့် ယာယီပိတ်ထားပြီး လမ်းလျှောက်သွားလာခွင့်သာ ရမည်

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် တံတား(၁)ကနေ ကားနှင့်ဆိုင်ကယ် ဖြတ်သန်းခွင့် ယာယီပိတ်ထားပြီး လမ်းလျှောက်သွားလာခွင့်သာ ရမည်
စက်တင်ဘာ 10, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၌ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ရေများမှာ တာချီလိတ်ဘက် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်အထိ ရောက်ရှိနေသည့်အတွက် တာချီလိတ်ဘက်ကနေ မယ်ဆိုင်ဘက်သို့ သွားမည့်သူအနေများအနေဖြင့် လတ်တလောတွင် ခြေလျင်သာ သွားခွင့်ပြုထားကြောင်း သိရသည်။

တာချီလိတ်ကနေ မယ်ဆိုင်ဘက်သို့ သွားရောက်လိုသူများအနေဖြင့်  ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ် ခြေလျင်သာ သွားရောက်နိုင်မည်ဖြစ်ပြီး ကားနှင့်ဆိုင်ကယ် သွားလာခွင့်ကိုတော့ ခေတ္တ ပိတ်ထားကြောင်း သိရသည်။

"အခုလောလောဆယ်တော့ ရေကြီးရေလျှံမှုကြောင့် တံတားကို ခေတ္တပိတ်လိုက်ခြင်း မဟုတ်ဘဲ ခြေလျင်တွေကိုတော့ ခွင့်ပြုပေးထားတယ်။ ကားနဲ့ဆိုင်ကယ်တွေကိုတော့သွားလာခွင့်မပြုထားဘူးလို့ပြောတယ်။ တံတားပေါ် ရေပြန်ကျသွားရင်တော့ ပုံမှန်အတိုင်း သွားလို့ရမယ်တဲ့"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ်မြို့တွင် မကြုံစဖူးအနေဖြင့် မြန်မာဘက် တံတားပေါ်အထိ ရေများရောက်ရှိနေသည်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။