ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နှင့် သုံးမိုင်အကွာ တာချီလိတ်ခရိုင်နှင့် ဆက်သွယ်ထားပြီး အဓိကကျသည့် နမ့်ကျန်းတံတားတွင် ချောင်းရေတိုက်စားမှုကြောင့် ပျက်သွားနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။
မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေကြောင့် ချောင်းရေစီးဆင်းမှု ပိုမိုသန်နေရာ တံတား၏ အခြေအနေမှာ တဖြေးဖြေး ရေတိုက်စားခံနေရသည်ကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်အစောပိုင်းတွင် တွေ့ရသည်။
"ကျောက်ကြီးထည့်ရင် မှီသေးတယ်။ ဒီအတိုင်းထားရင် ပျက်သွားနိုင်တယ်။ ရေက နည်းနည်းစီ ထပ်တိုက်စားနေတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။
နမ့်ကျန်းတံတားသည် မိုင်းဆတ်ခရိုင် နယ်နိမိတ်ထဲတွင် ရှိပြီး တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်ကို အဓိက ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းတံတားဖြစ်ကြောင်း သိရသည်။