မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ လူသွား လူလာများသည့် လမ်းဆုံ လမ်းခွများတွင် ရဲနှင့်စစ်သား ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့က စပြီး ပြန်လည် လုပ်ဆောင်နေကြောင်း သိရသည်။
"စိုင်းအေး (ရွှေခေါင်းလောင်း)ကို ဖမ်းဆီးပြီးနောက်ပိုင်း စစစ်တာ။ ရဲနဲ့ စစ်သားပေါင်းပြီး လမ်းဆုံ လမ်းခွနေရာတွေမှာ အတော်လေး အစစ်အဆေး လုပ်နေတယ်။ မနေ့ညက အတော်လေးစစ်ဆေးတယ်။ အရင်တုန်းကတော့ ရဲတွေပဲ တခါတလေ ကင်းလှည့်သလို လုပ်ပေမဲ့ အခုက ရဲနဲ့စစ်သား ပေါင်း စစ်နေတာကို တွေ့ခဲ့ရတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၅)ရက်နေ့တွင် ပြောသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့က ဂေါက်ကွင်းလမ်း နှင့် အခြားနေရာများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို စက်တင်ဘာလ(၄)ရက်နေ့တွင် ကချင်ရွာလမ်းဆုံ၊ ကျွန်းတော(မိုင်းယွန်းဆီပန်းအနီး)နှင့် အခြားနေရာတို့တွင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
"ည (၁၀)နာရီလောက်က ကျွန်းတော(မိုင်းယွန်းဆီပန်းအနီး)နားမှာ အစစ်အဆေးရှိတယ်။ တချို့လူတွေတော့ ဖမ်းခံရတာရှိတယ်လို့တော့ ကြားတယ်။ တကယ်ဖမ်း မဖမ်းတော့ သေချာမသိပေမဲ့။ စစ်ဆေးတာတော့ အတော်လေး စစ်နေတာ။ ဘာဖြစ်ဖြစ် စစ်ဆေးနေတဲ့ထဲ မရောက်သွားအောင် သတိထားပေါ့။ သူတို့က ဘာကို စစ်ကြလည်းဆိုတာ သေချာမသိရဘူး"ဟု ဒေသခံ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ညပိုင်း စစ်ဆေးမှုများကို များသောအားဖြင့် ရီဂျီနားမှဝမ်မိုင်ရွာသို့ အဆင်းလမ်း၊ ဂေါက်ကွင်းအဆင်း မုခ်ဦး၊ ဂေါက်ကွင်းအဆင်း ရွှေမြန်မာဟိုတယ် လမ်းဆုံ၊ အမှတ်(၁)တံတား အဝိုင်းပတ် ဝန်းကျင်၊ ကချင်ရွာလမ်းဆုံ၊ 1G1 နှင့် ကြက်ခြေနီရုံးအနီး မြို့ပတ်လမ်း၊ ပါလျှံမီးပွိုင့်လမ်းဆုံ၊ ရန်အောင်မြေစာသင်ကျောင်းအနီး၊ ရွှေဘူးသီးဟိုတယ်ရှေ့အနီး၊ ကျွန်းတော(မိုင်းယွန်းဆီပန့်အနီး)၊ ဟောင်လိတ်မီးပွိုင့်အနီး၊ ကြီးမြတ်သောရွှေမြင်း PUB နှင့် မြို့တွင်း လမ်းဆုံ လမ်းခွနေရာများတွင် ရှောင်တခင် ရွေ့လျား စစ်ဆေးမှုများ ပြုလုပ် လေ့ရှိသည်။