ဘာသာရေးအစွန်းရောက်သူ ရွှေခေါင်းလောင်း ဆရာတော်အမည်ခံ စိုင်းအေး အား စရဖ က ဖမ်းဆီး စစ်ဆေးနေ

ဘာသာရေးအစွန်းရောက်သူ ရွှေခေါင်းလောင်း ဆရာတော်အမည်ခံ စိုင်းအေး အား စရဖ က ဖမ်းဆီး စစ်ဆေးနေ

 

ခရစ်ယာန်ဘာသာရေးတွင် အထိန်းအကွပ်မဲ့ပြီး လူမှုရေးနှင့်ဘာသာရေးအကြား ထင်ရာစိုင်းကာ ဟောပြော လှုပ်ရှားနေသည့် ရွှေလောင်းဆရာတော် အမည်ခံ စိုင်းအေး ဆိုသူအား တာချီလိတ်မြို့တွင် ဖမ်းဆီးလိုက်ပြီး စရဖ က စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

"သူ့ကို တံတား(၁)ရဲ့ အဝိုင်းပတ်နားမှာ ကားပေါ်မှာပဲ ဖမ်းမိတာ။ ချက်ချင်းပဲ စစ်ကြောရေးလုပ်ဖို့ စရဖ က ခေါ်သွားတယ်။ စစ်ကြောရေးပြီးမှပဲ သူ့ကို သာသနာတော်ညှိုးနွမ်းမှုနဲ့ ဖွင့်မလား ဘယ်လို အမှုဖွင့်မလဲတော့မသိဘူး။ သေချာကတော့ အမှုဖွင့်မယ်လို့ သိရတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။

ရွှေခေါင်းလောင်းဆရာတော် အမည်ခံ စိုင်းအေးဆိုသူအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား အနီး အဝိုင်းပတ်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့က ကားပေါ်မှာပင် ဖမ်းမိခြင်းဖြစ်ပြီး စရဖ ဟု ခေါ်သည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရတ)က ဆေးခမ်းရပ်ကွက်အတွင်းရှိ တပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်သွားကာ စစ်ကြောရေး ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

၎င်းအား TikTok နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဘာသာရေးနှင့်ပတ်သက်၍ မျှတစွာ နှိုင်းယှဉ်ပြောဆိုခြင်းမဟုတ်ဘဲ  ဘာသာရေးအစွန်းရောက် ရမ်းကားမှုကြောင့် ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ကနဦး သိရသည်။

ရွှေခေါင်းလောင်း ဆရာတော်အမည်ခံ စိုင်းအေးသည် ကျိုင်းတုံဇာတိဖြစ်ပြီး ၎င်းသည် ၂၀၁၂ ခုနှစ် ဝန်းကျင်က စပြီး ခရစ်ယာန်ဘာသာရေးနှင့် ပတ်သက်ပြီး  ဝ၊ နာဂ၊ ကချင် နှင့် ရှမ်း စသည့် ဒေသများအပြင် တရုတ်နိုင်ငံ သွားလာလှုပ်ရှားခဲ့ကြောင်း နှင့် ၎င်းခြေဆန့် လှုပ်ရှားရာ ဒေသတိုင်းရှိ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံများနှင့် ပြဿနာတက်မှုများကနေ တရားစွဲဆိုမှုများအထိ ရှိခဲ့ကြောင်း ရွှေဖီမြေသတင်းအေဂျင်စီ၏ ဆောင်းပါတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းသည် တရုတ်နိုင်ငံတွင်လည်း တရုတ်အမျိုးသားခေါင်းဆောင်ကြီး မော်စီတုံးပုံပါ တရုတ်ငွေကြေးတွင် မကောင်းဆိုးဝါး ပူးကပ်နေသည်ဟုဆိုကာ  ယွမ်ငွေစက္ကူအချို့ကို မီးရှို့ဖျက်ဆီးမှုကြောင့်  တရုတ်အစိုးရက ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးကာ နှင်ထုတ်ထားခံရသူလည်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စရဖ က ၎င်းအား စစ်ကြောရေး ပြုလုပ်နေလျှက်ရှိပြီး မကြာမီတွင် တာချီလိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပြီး အမှုဖွင့်ကာ တရားစွဲဆိုသွားမည်ဟု သိရသည်။