တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လေးရက်ဆက် တိုက်ပွဲဖြစ်ပွား

တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လေးရက်ဆက် တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် (၆)မိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)ထံမှ သိရသည်။

တနင်္သာရီမြို့နယ် (၆)မိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား (၈၀)ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့မှစ၍ (၂၉)ရက်နေ့အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ (၂၆) ရက်နေ့တွင် ခ.မ.ရ  (၅၆၁) ဘက်မှ (၆) မိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ဖက်ကြားညှပ်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆)မိုင်ကျေးရွာအတွင်းရှိ ပြည်သူများနေအိမ်အတွင်းသို့ အတင်းဖျက်ဆီးဝင်ရောက်ကာ ပြန်လည်ခုခံခဲ့ကြောင်း သိရသည်။

ထို့နောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းများပါ အသုံးပြုပြီး (၆) မိုင်ကျေးရွာတွင်ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး ပစ်ကူများပေးပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေးရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦးအပါအဝင် (၇)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ (၆၀)မမ စိန်ပြောင်းတစ်လက်၊ (၆၀) မမ ကျည်သီး (၄)လုံး၊ RPG သီး (၄)လုံး၊ ပို့ယမ်း (၄)တောင့်၊ ကျည်ဘောက် (၃) ခု၊ အီနာကာတစ်လုံးနှင့် ဖုန်းတစ်လုံး တို့ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် (၄) ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထုံတော်ရွာနှင့် (၆) မိုင်ရွာရှိ ပြည်သူ (၈)ဦးအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး (၆)ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ဖမ်းဆီးခံ ပြည်သူနှစ်ဦးမှာ ယခုချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေ‌ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)၊ စစ်ကြောင်း (၂)၊ KNLA တပ်ရင်း (၁၁)၊ KTLA စသည့် မြေပြင်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ADF ဒရုန်းအဖွဲ့၊ Dragon Squad ဒရုန်းအဖွဲ့ နှင့် မြိတ်ခရိုင်ဒရုန်းအဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁