ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် တာဝန်ချခံထားရသည့် ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့မှူးအား တစ်ရက်လျှင် ကျပ်(၂)သိန်းနှုန်းဖြင့် တစ်ပတ်လျှင် ကျပ်(၁၄)သိန်း ကောက်ခံပေးနေရကြောင်း သိရသည်။
မိုင်းဖြတ်မြို့အဝင် ဟိုနား(စောမွန်)ရွာ တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်က အဆိုပါ ဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စာရေး ရဲတပ်သားနန္ဒအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်(၃)ဦးကို အဆိုပါ ဂိတ်တွင် တာဝန်ချထားသလို စခန်းမှူးကလည်း မြို့မရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင် (၃)ဦးကို အစောင့်ချထားပြီး ယာဉ်များထံကနေ ငွေကောက်ခံထားခြင်း ဖြစ်ကြောင်း သိရသည်။
"မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ကနေ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက စာရေးရဲတပ်သားနန္ဒအောင်ဆိုတဲ့ သူ့လက်ရုံးတပည့် ဦးစီးပြီး ရဲတပ်ဖွဲ့၀င်(၃)ဦး တစ်နေ့ ကျပ်(၂)သိန်းနှုန်းကောက်လို့ဆိုပြီး တစ်ပတ်စာလိုင်းကြေးအဖြစ် ဂိတ်ကနေ မြို့နယ်မှူး အတွက် ငွေ(၁၄)သိန်းကျပ် အပတ်တိုင်းယူပေးနေရသလို စခန်းမှူး ဒုရဲမှူးကလည်း စခန်းကနေ တပ်ဖွဲ့၀င်(၃)ဦး အစောင့်ချထားတယ်။ တစ်ရက်ကို စခန်းမှူးက ကျပ်(၁)သိန်းခွဲနှုန်းနဲ့ တစ်ပတ်ကို ကျပ်(၁၀)သိန်းခွဲ လိုင်းကြေးရယူနေပါတယ်။"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့တွင် ပြောသည်။
စစ်ဆေးရေးဂိတ်တွင် ထိုင်ပြီး ကျိုင်းတုံ - တာချီလိတ် - မိုင်းယောင်းကားလမ်းပေါ်က ကုန်တင်ကား အကြီးအသေးမရွေး ၊ ခရီးသည်တင် လိုင်းကား၊ အိမ်သုံးကားများနှင့် ဆိုင်ကယ်များအပေါ် ငွေကြေးကောက်ခံခြင်း ဖြစ်သည်ဟု သိရသည်။
" အထက်အရာရှိတွေဆီကနေ ဂိတ်တစ်ပတ်စာ စောင့်ခွင့်ရဖို့ တစ်နေ့ကို ကျပ် (၂)သိန်းထိပေးနေရလို့ သူတို့အတွက် ဒေသနေ ပြည်သူတွေ ၊ ကား ဆိုင်ကယ်နဲ့ဖြစ်ဖြစ် လမ်းပေါ်မှာသွားနေတဲ့ ခရီးသွားယာဥ်၊စစ်ရှောင်တွေလည်းမချန် ဓါးပြတိုက်နေတာ စစ်ရှောင်တဲ့ကား လူတင်လာရင် တစီး ကျပ်(၅)သောင်း အထိ ဆိုးဆိုးရွားရွားငွေတောင်းနေပါတယ်။ သူတို့ပြောတာက လုံခြုံရေး အကြောင်းပြပြီး လူထုကိုအနုကြမ်းစီးဓါးပြ တိုက်နေတာပေါ့။"ဟု ၎င်းက ဆက်လက်ပြောပြသည်။
တရားမဝင်တရုတ်နိုင်ငံသားများကို တင်ဆောင်လာသည့် ကားများဖြတ်သန်းလာသည့်နေ့တွင် ကောက်ခံငွေ ပိုမိုရရှိကြောင်း သိရသည်။
"တရုတ်တွေ ဒီလမ်းကြောင်းပေါ်ကနေ ဖြတ်နိုင်ဖို့ တရုတ်တင်ကားတစ်စီးဆိုရင် ကျပ်(၅)သောင်းအထိ ယူပြီး သူ့ဆရာကိုပေးနေရတယ်။ တရုတ်ဖြတ်တဲ့နေ့ဆို ငွေကပိုရတယ်။"ဟု ဆိုသည်။
တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်သည် လုံခြုံရေးအရ စစ်ဆေးရန်ဟုဆိုကာ အာဏာသိမ်းကာလအတွင်း၌ ပြုလုပ်ထားသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုအဖြစ်ရှိနေသော်လည်း ၎င်းတို့အတွက် ငွေကြေးကောက်ခံရာ နေရာတစ်ခုအဖြစ် ဖန်တီးထားခြင်းတာ ဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။
"ဒီဂိတ်က အရင်က မရှိပါဘူး လုံခြုံရေးအရ စစ်ဆေးဖို့ဆိုပြီး ငွေကောက်ဖို့ ဖန်တီးထားတဲ့ ဂိတ်ပေါ့။ အဲ့ဂိတ်ကနေ ငွေကြေးကောက်ခံတာတော့ အတော် အတောင်းကြမ်းတယ်။ ဒါပေမဲ့ တချို့ကတော့ မပေးရပါဘူး။ ပေးရတဲ့ ယာဉ်တွေကတော့ ပေးရတာပေါ့။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် ငွေလုံးဝ မကောက်သင့်ဘူးပေါ့။ တခါတလေ ဒေသခံတွေတောင် ပေးရတာရှိတယ်လို့ ကြားရသေးတယ်။ စစ်ဆေးရေးဂိတ်တွေဆိုတာက လုပ်စားဖို့ ဖန်တီးထားတာများတယ်။ မိုင်းဖြတ် စစ်ဆေးရေးဂိတ်တို့ မယ်ယန်းစစ်ဆေးရေးဂိတ်တို့ဆိုတာက တရားမဝင် တရုတ်နိုင်ငံသားတွေ ဖြတ်သွားရင် ငွေအတော်တောင်းလို့ ကောင်းတဲ့ ဂိတ်တွေပေါ့။ မိုင်းဖြတ်က ရဲအချို့ လိုင်စင်မဲ့ ကားတွေ ထည်လဲစီးနိုင်နေပြီ"ဟု မိုင်းဖြတ်ဒေသခံ တစ်ဦးက ပြောသည်။
မိုင်းဖြတ်မြို့သည် ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင်ရှိပြီး နေ့စဉ် ကုန်တင်ကားနှင့်ခရီးတင်ယာဉ်များ အိမ်စီးကားများ ထောင်နှင့်ချီဖြတ်သန်းသည့် မြို့တစ်မြို့ဖြစ်သည်။