ကရင့်ခေါင်းဆောင်များကိုလည်း စစ်အာအာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးပူးပေါင်းဆောင်ရွက်မည်ဟု NUG သဝဏ်လွှာပို့

ကရင့်ခေါင်းဆောင်များကိုလည်း စစ်အာအာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးပူးပေါင်းဆောင်ရွက်မည်ဟု NUG သဝဏ်လွှာပို့
သြဂုတ် 12, 2024 | 2021 Military Coup

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့အတွက် ကရင်တိုင်းရင်း သားမဟာမိတ်နှင့် လက်တွဲညီညာစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်ရည်သော စံတန်ဖိုးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကြီး ပေါ်ပေါက်ရေးအတွက် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းကာ ဟန်ချက်ညီညာစွာ စုပေါင်းတော်လှန်ရမည့်ကာလဖြစ်သည်ဟုလည်း ဆိုသည်။ 

ကရင်အမျိုးသားထုတရပ်လုံး၏ခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစိုင်းကေတို့သည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် ကော့ကရိတ်မြို့ နယ်၊ ထိုကော်ကိုးကျေးရွာ၌ အကြမ်းဖက်စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည်။ 

တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိစေရေးအတွက် ပေးဆပ်သွားသော ကရင်အမျိုးသားသူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် ခေါင်းဆောင်ကြီး စောဘဦးကြီးတို့အဖွဲ့ ကျဆုံးသွားသည့် သြဂုတ်လ (၁၂)ရက်နေ့ကို ကရင်အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးအတွက် နှစ်ပေါင်း (၇၀)ကျော် တိုက်ပွဲဝင်လာခဲ့ကြပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ရသော ကရင်ပြည်သူလူထုနှင့် ကရင်ရဲဘော်သူရဲကောင်း အာဇာနည်များ၏တန်ဖိုးကို NUG အနေဖြင့် ယနေ့အချိန်ကာလရောက်သည်ထိ အောက်မေ့ဖွယ်အဖြစ် အစဉ်အမြဲဂါရဝပြုသည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၀)ရက်နေ့ကလည်း မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စုအောက်မှ လွတ်မြောက်ရန် မဟာမိတ်ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ NUG က ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အမြန်ဆုံးလွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ရေးအတွက် ယင်းသို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar