ရဲအရာရှိကို လေ့လာစောင့်ကြည့်ပြီး ၎င်း၏ ကွန်ဒိုအခန်းအတွင်း ခိုးဝင်နေထိုင်လေ့ရှိသူ အိမ်ရာမဲ့ ထိုင်းအမျိုးသား  

ရဲအရာရှိကို လေ့လာစောင့်ကြည့်ပြီး ၎င်း၏ ကွန်ဒိုအခန်းအတွင်း ခိုးဝင်နေထိုင်လေ့ရှိသူ အိမ်ရာမဲ့ ထိုင်းအမျိုးသား  
By Mr John

 ထိုင်းနိုင်ငံတွင် မြို့တော်ရဲဌာန စုံစမ်းစစ်ဆေးရေးဌာနခွဲ Investigation Division of the Metropolitan Police Bureau (IDMB) မှ ရဲအရာရှိတစ်ဦး၏ ဘန်ကောက်မြို့ ကွန်ဒိုတိုက်ခန်းအတွင်း အကြိမ်ကြိမ် ခိုးဝင်နေထိုင်ခဲ့သူ အိမ်ရာမဲ့ ထိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

IDMB ရဲအရာရှိက ၎င်း၏ ကွန်ဒိုအခန်းအတွင်းသို့ ဖောက်ထွင်း ဝင်ရောက်မှုရှိကြောင်းကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ပစ္စည်းအချို့ကို ၎င်းထားခဲ့သည့် နေရာတွင် မတွေ့တော့၍ စတင် သတိပြုမိလာခြင်း ဖြစ်သည်။

ထို့နောက် အခန်းအတွင်း စေ့စေ့စပ်စပ် စစ်ဆေးခဲ့ရာ ၎င်း၏ ပစ္စည်းအချို့ ပျောက်ဆုံးနေကြောင်း သိရှိလိုက်ရသော်လည်း ၎င်း၏ တန်ဖိုးရှိ ပစ္စည်းအများအပြားမှာမူ မပျောက်မပျက်ရှိနေဆဲဟု ဆိုသည်။

ထိုရဲအရာရှိက ကွန်ဒို၏ လုံခြုံရေးကင်မရာမှတ်တမ်းကို ပြန်လည်စစ်ဆေးလိုက်ရာမှ ၎င်း၏ အခန်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်သူမှာ အသက် (၂၅) နှစ်အရွယ် James Bangbon ဟုလည်း ခေါ်ကြသည့် Manassawin "James" Thongkham ဆိုသူဖြစ်ကြောင်း ဖော်ထုတ်သိရှိရ၍ Petchkasem ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်လကျော်ကြာ စုံစမ်းစစ်ဆေးပြီးနောက် Pechkasem ရဲစခန်းက James ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် Chachoengsao နှင့် Samut Prakan ပြည်နယ် (၂) ခု၏ နယ်စပ် လမ်းဘေးတောအုပ်တစ်ခု၌ ဖမ်းမိခဲ့သည်။

ဆက်လက်၍ ၎င်းအား စစ်ဆေးရာ  အိမ်ရာမဲ့ James က ရဲအရာရှိ၏ နေ့စဥ်လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်ရန် ကွန်ဒိုတိုက်ခန်း အပြင်ဘက်တွင် မကြာခဏ ထိုင်နေခဲ့ပြီး ခန့်မှန်းခြေအားဖြင့် (၁၀) ရက်ကြာ လိုက်လံစောင့်ကြည့်ခဲ့ကြောင်းနှင့် ၎င်း၏ အခန်းအတွင်းသို့ စုစုပေါင်း (၈) ကြိမ် ဝင်ရောက်ခဲ့ကြောင်းလည်း ဝန်ခံထွက်ဆိုသည်။

James က ကွန်ဒိုတိုက်ခန်း၏ လုံခြုံရေးအစီအမံများကို ရှောင်ကွင်းဖြတ်ကျော်ပြီး ဧည့်ခန်း၏ စာတိုက်ပုံးတွင် ဝှက်ထားသော အခန်းသော့ အပိုတစ်ချောင်းကို ရှာဖွေတွေ့ပြီးနောက် ရဲအရာရှိ အလုပ်သွားချိန်တွင် James က ထိုသော့အပိုကိုယူ၍ အခန်းထဲသို့ ဝင်ရောက်ခဲ့ခြင်းသော်လည်း အရာရှိ၏ ကွန်ဒိုအခန်းအတွင်းသို့ အနားယူရန် ဝင်ရောက်ခဲ့ခြင်းသာဖြစ်ပြီး  ပစ္စည်းခိုးရန် ရည်ရွယ်ချက်မရှိကြောင်းလည်း   ၎င်းက အခိုင်အမာ ပြောသည်။   

၎င်းအနေဖြင့် ရဲအရာရှိ၏ ကွန်ဒိုဧရိယာကနေ  ပြန်လည် ထွက်ပြေးရသည့် အကြောင်းအရင်းမှာ ရဲအရာအရှိက ၎င်း၏ ကွန်ဒိုအခန်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်မှုရှိကြောင်း သိရှိသွားပြီး ရဲများက ၎င်းကို လိုက်လံရှာဖွေနေမှုကြောင့် ကွန်ဒိုတိုက်ခန်းရှိရာ ဧရိယာကနေ ထွက်ပြေးရခြင်း ဖြစ်ကြောင်း James က ဝန်ခံထွက်ဆိုသည်။

အိမ်ရာမဲ့ဖြစ်သူ James သည်  ကျောင်းမပြီးခဲ့ဘဲ အလုပ်လက်မဲ့ ဖြစ်သောကြောင့် ၎င်း၏ မိသားစုက အိမ်ကနေ နှင်ချလိုက်၍ ဘတ်စ်ကားမှတ်တိုင်များနှင့် ဓာတ်ဆီဆိုင်များတွင် ညအိပ်လေ့ကြောင်း James က ဖွင့်ဟခဲ့သည်။



#TachileikNewsAgency

Source: The Thaiger