ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်း အဆက်မပြတ် မိုးရွာသွန်းမှု နှင့် တောင်ကျရေကြောင့် ချောင်း(၂)ချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ကျေးရွာ (၈)ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
မိုးရွာသွန်မှုနှင့်အတူ တောင်ကျရေများကြောင့် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ အကူးပိုင်းအချိန်က စပြီး နံနက်ပိုင်းအချိန်အထိ နမ့်လျန်ချောင်း နှင့် နမ့်ဝမ်ချောင်းမှ တဆင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။
ရေကြီး ရေလျှံမှုကြောင့် ဝမ်တပ်ကျေးရွာအုပ်စုအတွင်း ကျေးရွာများအနက် ဝမ်ဘန်း၊ ဝမ်ဒေ၊ ဝမ်မိုင် နှင့် ဝမ်လဲ ကျေးရွာအတွင်းရှိ လူနေအိမ်များ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ယင်းအပြင် ဟိုရမ်း၊ ဝမ်ဘိုး၊ ယမ်းမွန်း နှင့် လော့ဟန်ကျေးရွာတို့တွင် ရေဝင်ရောက်သလို ဟိုရမ်း - ဝမ်ဘန်းလမ်းတွင်လည်း ရေ(၁)ပေ ဝန်းကျင် ရေလျှံလာသည့်အတွက် စိုက်ပျိုးလယ်ယာများအတွင်း ရေနစ်မြှပ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ယခု အကြိမ်ရေကြီးရေလျှံမှုမှာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုများမရှိခဲ့ကြောင်းနှင့် ရေများ ပြန်ကျသွား၍ စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
"ရေကတော့ မြို့ထဲနဲ့ (၅)မိုင်ကျော် ဝေးတဲ့ ကျေးရွာတွေဘက်မှာ ဖြစ်တာ။ ဒီနှစ်တော့ ဆိုးဆိုးရွားရွားမဖြစ်ဘူး အရင် ၂၀၂၁ခုနှစ်တုန်းကတော့ တော်တော်လေးကို သိသာတယ်။ ရေကြီးရေလျှံဖြစ်လိုက်ရင် ဒီရွာတွေက အရင်ဖြစ်တာပဲ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
မိုင်းယောင်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Mong Yawng On-air