မိုးကုတ်မြို့စစ်ကောင်စီ ဗျူဟာစခန်းအားသိမ်းပြီးနောက် မှတ်တမ်းဓာတ်ပုံများဖော်ပြ

မိုးကုတ်မြို့စစ်ကောင်စီ ဗျူဟာစခန်းအားသိမ်းပြီးနောက် မှတ်တမ်းဓာတ်ပုံများဖော်ပြ

မန္တလေးတိုင်း မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီ၏ မိုးကုတ်ဗျူဟာစခန်းအား သိမ်းပိုက်ပြီးနောက် ဓာတ်ပုံများအား မိုးကုတ်ဗျူဟာတပ်ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် ဖော်ပြသည်။

မိုးကုတ်မြို့ရှိ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင်လ (၂၄)ရက်နေ့တွင် TNLA နှင့် ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား (၃၀)ဦးကို ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။ 

မိုးကုတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter ဖြင့် (၂၁)ကြိမ်၊ Y-12 လေယာဥ်ဖြင့် (၉)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈)ကြိမ်နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (၁) လက်၊ ငဂျင်းမီး (၃)လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်ပါ (၁)စုံ၊ တွဲလိုက်ဒုံး (၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ အရပ်ဖက်သို့ ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၈)ဦး၊ ကလေး (၉)ဦး သေဆုံးခဲ့ပြီး (၅၉)ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် (၂၉)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မိုးကုတ်ဗျူဟာ