ပုသိမ်ကြီးမြို့နယ်ရှိ ခမရ ၁၁၉ တပ်ရင်း ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခံရ

ပုသိမ်ကြီးမြို့နယ်ရှိ ခမရ ၁၁၉ တပ်ရင်း ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခံရ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ(၁၁၉)တပ်ရင်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့ ည(၉)နာရီကျော်တွင် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ တပ်တွင်းသို့ (၆)လုံးကျရောက်ပေါက်ကွဲကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ်ရှိ တပ်မ(၃၃)လက်အောက်ခံ နှမ်းကြဲရွာမှ ခမရ(၁၁၉)တပ်ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

"နှမ်းကြဲက ပုသိမ်ကြီးရဲ့ မြောက်ဘက်ကပ်လျက်ပဲ။ ရှော့တိုက်ဒုံး (၆)လုံးနဲ့ ပစ်တာ။ နှမ်းကြဲဖက်က လူတွေ ပုသိမ်ကြီးဘက် ပြေးလာကြပြီ။ ပုသိမ်ကြီးက လူတွေကတော့ အခြေအနေကြည့်နေတုန်းပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပုသိမ်ကြီးမြို့နယ်ပြီးနောက် ရှေ့ဆက်သွားပါက မတ္တရာမြို့နယ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းထားသည့် စဉ့်ကူးမြို့နယ်ဘက်သို့ ရောက်သည်ဟု ဆိုသည်။

"နှမ်းကြဲက ခမရ(၁၁၉)ပစ်ခံရတာ။ အသေးစိတ်အချက်အလက်ကိုတော့ မသိရဘူး။ နှမ်းကြဲက ပုသိမ်ကြီးမြို့နယ်ထဲပါတယ်။ မတ္တရာမြို့နယ်နဲ့ အစပ်ပေါ့။ တောင်ပေါ်ကနေ ပစ်တာလို့လဲ ပြောကြတာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရခြင်းကြောင့် ခမရ(၁၁၉)ထိခိုက်ပျက်စီးမှုနှင့် အခြားအခြေအနေများကိုမူ မသိရသေးပါ။

#TachileikNewsAgency