ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စစ်ဗျူဟာ နှင့် စရဖ အတွက် ရန်ပုံငွေဟုဆိုကာ အောင်ဘာလေထီ လှည့်လည်ရောင်းချနေမှုများရှိနေပြီး မဖြစ်မနေ ထီဝယ်ရန်လည်း အတင်းပြောဆိုကာ ရောင်းချနေကြောင်း သိရသည်။
"သူတို့က ကားနဲ့ပတ်သွားပြီး ထီလိုက်ရောင်းနေတာ။ ထီရောင်းတာတောင် ရိုးရိုးရောင်းတာ မဟုတ်ဘဲ။ သူတို့ကို သူတို့ ဗျူဟာကပါလို့ ပြောပြီး ရောင်းတာ။ ဗျူဟာအတွက် ရန်ပုံငွေအဖြစ် ရောင်းတာ မဝယ်မနေရဆိုတဲ့ သဘောနဲ့ အတင်းရောင်းတာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။
လူ အနည်းဆုံး (၅)ဦး ရှိသည့် အဖွဲ့က တာချီလိတ်မြို့တွင် Nissan AD wagon အမျိုးအစား ကားတစ်စီးဖြင့် ပတ်ကာ စစ်ဗျူဟာ၊ စရဖ၊ ရဲစခန်း စသည့် အမည်များကို အသုံးပြုကာ ထီလက်မှတ် (၁၀)စောင်တွဲကို ထိုင်းဘတ်ငွေ (၁,၅၀၀)မှ ဘတ်(၂၀,၀၀)နှုန်းတို့ဖြင့် အတင်းရောင်းချနေလျက်ရှိကြောင်း သိရသည်။
"ကျွန်မအသိ ဆိုင်ကိုတော့ လူ(၅)ယောက်လောက် ကားတစ်စီးနဲ့ ရောက်လာပြီး စရဖ အတွက် ရန်ပုံငွေအဖြစ် ထီရောင်းတာ အားပေးပါဦး ထီ(၁၀)စောင်တွဲကို ဘတ်(၁,၇၀၀) နဲ့ ဝယ်ပါဆိုပြီး အတင်းဇွတ်ရောင်းလို့ သူလည်း စရဖ က ဆိုတာနဲ့ မဝယ်ချင်လည်း ဝယ်လိုက်ရတယ်လို့ ပြောတယ်"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်းနေသူ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့တွင် ပြောသည်။
ယင်းသို့ ထီလက်မှတ် ရောင်းချနေသူများမှာ ဒေသခံ မဟုတ်သူများ ဖြစ်ကြောင်းနှင့် အဖွဲ့အစည်းအမည်များကို အသုံးပြုသော်လည်း အရပ်ဝတ်များသာ ဝတ်ထားသူများဖြစ်ကြောင်း သိရသည်။