မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးကြောင်း TNLA ကြေညာ

မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးကြောင်း TNLA ကြေညာ
ဇူလိုင် 24, 2024 | 2021 Military Coup

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို TNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၄)ရက် ညနေ(၅)နာရီအချိန်တွင်  ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA က ကြေညာသည်။

ယနေ့ ညနေပိုင်းတွင် မိုးကုတ်မြို့တွင်းသို့ TNLA စစ်ကြောင်းဝင်ရောက်လာချိန်တွင် ဒေသခံ ပြည်သူများက သပြေပန်းများနှင့် ကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။

မိုးမိတ်မြို့တွင်လည်း ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်ုးကို TNLA က တိုက်ခိုက်ကြောင်း သိရသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( Ta'ang National Liberation Army  - TNLA )သိမ်းထားသည့် နောင်ချိုမြို့နယ် သဲခေါ်ရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အုမ္မတီးရွာအနီးတဝိုက်သို့ လက်နက် ကြီးဖြင့် (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။