စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄ ရက်အတွင်း အရပ်သား ၁၅ ဦး သေဆုံး

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄ ရက်အတွင်း အရပ်သား ၁၅ ဦး သေဆုံး
ဇူလိုင် 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၄)ရက်အတွင်း အရပ်သား (၁၅)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိကာ နေအိမ် (၉)လုံး ပျက်စီးကြောင်း TNLA ထံမှ သိရသည်။ 

၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျောက်မဲမြို့ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅)ဦး ထိမှန်သေဆုံးသွားခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် (၆)လုံး ပျက်စီးသွားသည်ဟု သိရသည်။

ထို့အပြင် ဇူလိုင်လ (၂၀)ရက်နေ့တွင်လည်း ကျောက်မဲမြို့ ဒေသခံ (၄)ဦးသည် ဆိုင်ကယ် (၂)စီးဖြင့် မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ရာ နေရာတွင်ပင် ၎င်းတို့ (၄)ဦးလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများအား အခင်းဖြစ်ပွားရာ လမ်းဘေးတွင် စုပုံစွန့်ပစ်ထားခဲ့သည်ဟု သိရသည်။

ဇူလိုင် (၂၁)ရက်နေ့ကလည်း ကျောက်မဲမြို့ရှိ နမ့်တုံရပ်နှင့် ရပ်ကွက်(၈)တို့တွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရရှိပြီး အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး လက်နက်ကြီးစထိမှန် သေဆုံးသွားသည်ဟု ဆိုသည်။

ယမန်နေ့ ဇူလိုင်လ(၂၂)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု သိရသည်။

နောင်ချို ရွှေပြည်ညွန့်လမ်းအနီး စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ‌ရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၃)ဦး သေဆုံးပြီး နေအိမ် (၃)လုံး ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ 

ဇွန်လ (၂၅)ရက်နေ့မှ ဇူလိုင်လ (၂၂)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂၈)ရက်အတွင်း စစ်ကောင်စီတပ်မှ အရပ်သားများရှိရာသို့ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၀၉)ဦး သေဆုံးပြီး (၁၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News