အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်တွင် ငွေကြေး ကိစ္စကြောင့် စကားများရန်ဖြစ်ပြီးနောက် ရည်းစားဟောင်း၏ အသက် (၂) နှစ်အရွယ် သမီးလေးကို ဖုန်းအားသွင်းကြိုးဖြင့် လည်းပင်းညှစ်သတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံက အပြစ်ရှိကြောင်း တရားရုံးတွင် ဝန်ခံထွက်ဆို လိုက်သည်။
အသက်(၂၇)နှစ်ရှိ Rashad Maleek Trice က အသက် (၂) နှစ်အရွယ် Wynter Cole-Smith ကို သတ်ဖြတ်မှုနှင့် ထိုကလေးမလေး၏ မိခင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့အတွက် ပထမဒီကရီ လူသတ်မှုနှင့် ပထမဒီကရီ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတို့အတွက် အပြစ်ရှိကြောင်း Ingham ကောင်တီရှိ 30th Judicial Circuit တရားရုံးတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့က ဝန်ခံထွက်ဆိုခြင်း ဖြစ်သည်။
တရားခံ Rashad Maleek Trice သည် ၎င်း၏ လုပ်ရပ်မှာ ငြင်းဆိုဖွယ် မရှိတော့၍ ဝန်ခံလိုက်ပြီးနောက် ၎င်းအပေါ် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း နှင့် တရားသူကြီးက ၎င်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ ည (၁၁)နာရီ ဝန်းကျင်အချိန်က Rashad Maleek Trice နှင့် ၎င်း၏ ရည်းစားဟောင်းဖြစ်သူတို့ ငွေကြေးကိစ္စကြောင့် စကားများရာမှ အပြန်အလှန် ကိုယ်ထိလက်ရောက်မှုများကနေ လူသတ်မှုအထိ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
သူမ၏ တိုက်ခန်းတွင် Rashad Maleek Trice နှင့် အော်ကြီးဟစ်ကျယ် စကားများ အငြင်းအခုံဖြစ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအဖြစ် Rashad Maleek Trice ကို ဓားဖြင့်ထိုးခဲ့ကြောင်း ထိုအမျိုးသမီးက ရဲတပ်ဖွဲ့ကို ပြောသည်။
Rashad Maleek Trice သည် ရည်းစားဟောင်းဖြစ်သူ၏ ခုခံမှုဖြင့် ရရှိထားသည့် ဓါးဒဏ်ရာဖြင့်ပင် သူမအား ဆက်လက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားပြုမူသည့်အတွက် သူမသည် ၎င်း၏ ကလေး(၂)ဦးကို ထားရစ်ခဲ့မိပြီး တိုက်ခန်းကနေ ကိုယ်လွန်ရုန်းကာ ထွက်ပြေးလာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးလာခဲ့စဥ် တိုက်ခန်း၌ သူမ၏ သားသမီး (၂)ဦး ဖြစ်သည့် အသက် (၂) နှစ်အရွယ် Wynter နှင့် အသက် (၁) နှစ်အရွယ် ယောက်ျားလေးတစ်ဦး ကျန်ရစ်ခဲ့သည်။
ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားလိုက်ပြီးနောက် ရဲတပ်ဖွဲ့က တိုက်ခန်းသို့ ရောက်ရှိသွားချိန်တွင် အသက် (၁) နှစ်သားလေးကိုသာ တွေ့ရသော်လည်း အသက်(၂)နှစ်အရွယ် သမီးဖြစ်သူ Wynter ကို မတွေ့ဟု ဆိုသည်။
Rashad Maleek Trice သည် ရည်းစားဟောင်း၏ မိခင် ပိုင်ဆိုင်သော 2013 Chevrolet Impala ကားကို ယူဆောင် ခိုးယူသွားခဲ့ကြောင်း ရဲအရာရှိများက ဖော်ထုတ်သိရှိခဲ့သည်။
ထို့နောက် အဆိုပါကားကို တွေ့ရှိပါက ဖမ်းဆီးရန် သတိပေးချက် ထုတ်ပြန်ထားရာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ နံနက် (၄) နာရီ (၅၀) မိနစ်ခန့်တွင် ဒက်ထရိုက်မြို့ ဆင်ခြေဖုံး၌ ရဲအရာရှိတစ်ဦးက ကားကို တွေ့ခဲ့ပြီး ရပ်တန့်စစ်ဆေးရန် ကြိုးပမ်းခဲ့ကြောင်း နှင့် Tric က မောင်းပြေးခဲ့သော်လည်း နောက်ထပ် ရဲကားတစ်စီးနှင့် တိုက်မိပြီး ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများက ကားကို စစ်ဆေးခဲ့ရာ Rashad Maleek Trice တွင် ဓားဒဏ်ရာများမှ သွေးများ ပေကျံနေသလို သွေးများဖြင့် ပေကျံနေသည့် ပန်းရောင် ဖုန်းအားသွင်းကြိုးတစ်ချောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သော်လည်း ကားအတွင်း၌ အသက်(၂)နှစ်အရွယ် သမီးလေးကို မတွေ့ရဟု ဆိုသည်။
ရဲတပ်ဖွဲ့က Rashad Maleek Trice အား ကလေးငယ်နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းအနေဖြင့် ကလေးကို မခေါ်လာခဲ့ကြောင်း ငြင်းဆိုသည့်အတွက် FBI အေးဂျင့်များက ကလေးမလေး ပျောက်ဆုံးသွားပြီးနောက်ပိုင်း Rashad Maleek Trice ၏ တည်နေရာကို ဆဲလ်ဖုန်းတာဝါတိုင်များမှတစ်ဆင့် ခြေရာခံခဲ့သည်။
စုံစမ်းမှုများအပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့ ည (၇) နာရီ မတိုင်မီတွင် ရဲအရာရှိများက အသက်(၂)နှစ်အရွယ် သမီးလေး Wynter ၏ အလောင်းကို Olympia လမ်းနှင့် Edgewood လမ်းကြားရှိ လမ်းကြိုလမ်းကြားတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။
(၂) နှစ် သမီးလေး Wynter မှာ လည်ပင်းကို ပန်းရောင် ဖုန်းအားသွင်းကြိုးဖြင့် ညှစ်သတ်ခံရမှုကြောင့် သေဆုံးခဲ့ပုံဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိသည်။
တရားခံ Rashad Maleek Trice က ရည်းစားဟောင်းဖြစ်သူနှင့် ငွေကြေးကိစ္စကြောင့် အပြန်အလှန် စကားများရာမှ ကိုယ်ထိလက်ရောက်မှုအထိ ဖြစ်ပွားရခြင်း ဖြစ်ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း နတ်ဆိုးသဖွယ်ဖြစ်နေသည်ဟု FBI အေးဂျင့်များထံ ထွက်ဆိုသည်ဟု သိရသည်။
Source: LawAndCrime