အမေရိကန်ရဲ၏ မလိုအပ်ဘဲ ပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် ကရင်လူငယ်လေးတစ်ဦး သေဆုံးခဲ့ရအမှုအပေါ် တရားမျှတမှု ရရှိရေး တောင်းဆို

အမေရိကန်ရဲ၏ မလိုအပ်ဘဲ ပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် ကရင်လူငယ်လေးတစ်ဦး သေဆုံးခဲ့ရအမှုအပေါ် တရားမျှတမှု ရရှိရေး တောင်းဆို
ဇူလိုင် 2, 2024 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် အလယ်ပိုင်းတွင် မြန်မာနိုင်ငံဖွား ကရင်လူမျိုး ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံရပြီး သေဆုံးသွားခဲ့မှုအပေါ် မိသားစု နှင့်အတူ ဒေသခံ အမေရိကန်နိုင်ငံသားများကပါ  တရားမျှတမှုနှင့် တာဝန်ခံမှုရှိရန် တောင်းဆိုနေသည်။ 

၂၀၂၄ ခုနှစ် ဇွန်လ (၂၈) ရက်နေ့က မြန်မာနိုင်ငံဖွား ညမွှေး အမည်ရှိ ကရင် အမျိုးသားလေး ပစ်ခတ်ခံရမှုကို နယူးယော့ခ်ရှေ့နေချုပ် Letitia James ၏ ရုံးခန်းက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ရဲအရာရှိများက ဆယ်ကျော်သက် ကရင်လူမျိုး ကောင်လေးကို မြေပြင်ပေါ်လှဲချပြီး နောက်ပိုင်းတွင် ၎င်းကို ပစ်ခတ်ခဲ့သည်ဟု Utica မြို့ ရဲတပ်ဖွဲ့က ဆိုသည်။ 

ယခုဖြစ်စဥ်ကို စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့က ရဲအရာရှိများ၏ ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော ကင်မရာမှ ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။ 

ထိုဗီဒီယိုတွင် ဆယ်ကျော်သက် ကောင်လေးက အရာဝတ္ထုတစ်ခုဖြင့် ၎င်းတို့ကို ချိန်ရွယ်ထားပြီးနောက် ကောင်လေးကို မြေပေါ်လှဲချ ဖမ်းချုပ်ခဲ့သည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံဖွား ကောင်လေး ကိုင်ဆောင်ထားသည့် အရာဝတ္ထုမှာ BB သို့မဟုတ် ကော်စေ့သေနတ်ဖြစ်ပြီး တကယ့် ပစ္စတိုသေနတ် Glock 17 Gen 5 နှင့် ဆင်တူကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဥ်ကို တရားဝင် စုံစမ်းစစ်ဆေးစဥ် ကရင်လူမျိုး ကောင်လေး၏ မိသားစုနှင့် ဒေါသထွက်ခဲ့ကြသည့် Utica မြို့ခံအသိုင်းအဝိုင်းက ဆယ်ကျော်သက် သေဆုံးမှုအတွက် တာဝန်ခံမှုရှိရန် တောင်းဆိုခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေကြာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခဲ့ပြီးနောက် ငြိမ်းချမ်းတဲ့ ဘဝတစ်ခုရဖို့ မျှော်လင့်ပြီး ပညာသင်ဖို့နဲ့ အလုပ်ကောင်းရဖို့အတွက် နောက်ဆုံးမှာ ကျွန်တော်တို့ အမေရိကန်ကို ရောက်လာခဲ့ကြတယ်" ဟု ညမွှေး၏ ဝမ်းကွဲညီအစ်ကိုတော်စပ်သူ လေးထူးက AP သတင်းဌာနကို ဖုန်းအင်တာဗျူး၌ ပြောခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံဖွား ကရင်လူမျိုး ကောင်းလေး၏ မိသားစုက အလောင်းပြန်ရရန်နှင့် ပစ်ခတ်ခဲ့သည့် ရဲအရာရှိများ မည်သို့ အရေးယူခံရမည်ကို စောင့်ဆိုင်းနေကြသည်။ 

"သူတို့က ဒီရဲအရာရှိတွေကို ထောင်ထဲမှာပဲ အမြဲနေရစေချင်တယ်" ဟု ညမွှေး၏ ဝမ်းကွဲဖြစ်သူက ပြောသည်။ 

ရဲတပ်ဖွဲ့၏ အဆိုအရ ညမွှေးနှင့် နောက်ထပ် အသက် (၁၃) နှစ်အရွယ် ကောင်းလေးတို့ကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၈) ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင် လုယက်မှုဖြင့် သံသယရှိသောကြောင့် တားဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။

ရဲအရာရှိများ၏ ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော ကင်မရာမှ ဗီဒီယိုမှတ်တမ်းအရ ရဲအရာရှိတစ်ဦးက ၎င်းတို့ထံတွင် လက်နက်ပါ မပါ စစ်ဆေးရန် မြေပြင်ပေါ်လှဲချရန် လိုအပ်ကြောင်း ပြောနေသည်ကို တွေ့ရသည်။ 

ထို့နောက် ဆယ်ကျော်သက် (၂) ဦးကို မေးမြန်းစစ်ဆေးနေစဥ် နောက်ပိုင်းတွင် ညမွှေးဟု သိရသည့် ကောင်းလေးက ထွက်ပြေးသွားခဲ့ပြီး ပြန်လှည့်လာကာ အမဲရောင် အရာဝတ္ထုတစ်ခုနှင့် ရဲအရာရှိများကို ချိန်ထားခဲ့သည်။

ရဲအရာရှိ Bryce Patterson က ညမွှေးကို ဖမ်းချုပ်ပြီး ထိုးကြိတ်ခဲ့ကာ (၂) ဦးလုံး မြေပြင်ပေါ်တွင် လုံးထွေးနေစဥ် ရဲအရာရှိ  Patrick Husnay  က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ခန္ဓာကိုယ်၌ တပ်ဆင်ထားသော ကင်မရာမှ ဗီဒီယိုမှတ်တမ်းအတွင်း တွေ့ရသည်။ 

မြန်မာနိုင်ငံဖွား ကရင်လူမျိုး ကောင်းလေး၏ ရင်ဘတ်တွင် သေနတ်တစ်ချက် ထိမှန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း Utica ရဲမှူး Mark Williams က ပြောခဲ့သည်။

ဆယ်ကျော်သက်ကို Wynn ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ 

Utica မြို့တွင် လူဦးရေ (၆၅,၀၀၀) ရှိပြီး ၎င်းတို့အနက် (၄,၂၀၀) ကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြကြောင်း ဒုက္ခသည်များ အခြေချ နေထိုင်နိုင်ရေး ကူညီပေးနေသည့် The Center အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

ညမွှေး၏ မိသားစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် (၂) ခုခန့်က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ညမွှေးကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မွေးဖွားခဲ့သည်။ 

ထို့နောက် လွန်ခဲ့သည့် (၉) နှစ်ခန့်က အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းအခြေချခဲ့ကြခြင်း ဖြစ်သည်။ 

ညမွှေး၏ ဖခင်ဖြစ်သူက ကုန်စုံစတိုးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်ကြောင်း သိရသည်။

ညမွှေးမှာ သင်္ချာ၊ ဘောလုံးကစားခြင်းနှင့် သူငယ်ချင်းများနှင့် သွားလာရသည်ကို နှစ်သက်သူဟု ဆိုသည်။ 

ယခုဖြစ်ရပ်မှာ မိမိ၏ မွေးရပ်မြေ မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် စစ်တပ်၏ လူနည်းစုအပေါ် ဖိနှိပ်အကြမ်းဖက်မှုများ၊ စစ်ပွဲများကြောင့် ပိုမိုကောင်းမွန်သော ဘဝကို ရရှိနိုင်ရန် နိုင်ငံစွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည်များစွာအနက်မှ ဆယ်ကျော်သက် အရွယ်မျှသာရှိသေးသော ကရင်လူမျိုး ကောင်လေးတစ်ဦး၏ ကြေကွဲဖွယ် ဖြစ်ရပ်အဖြစ် ရှုမြင်ကြသည်။

 

Source: CBS News