တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် မနီးမဝေးရှိ နေအိမ်ခြံဝန်းထဲမှ ကျားဖြန့်လက်ကျန် တရုတ်နိုင်ငံသား (၈၀)အထက် ဖမ်းမိ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် မနီးမဝေးရှိ နေအိမ်ခြံဝန်းထဲမှ ကျားဖြန့်လက်ကျန် တရုတ်နိုင်ငံသား (၈၀)အထက် ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မနီးမဝေး (၄)လမ်းရှိ နေအိမ်ခြံဝန်းတွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား(၁၀၀)နီးပါး ဖမ်းမိသော်လည်း  (၆၀)ကျော်သာ  စာရင်းပြထားသည်ဟု သိရသည်။

စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်( စရတ) အပြင် ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မယ်ခေါင်ရပ်ကွက်အတွင်း (၄)လမ်းရှိ နေအိမ်ခြံဝန်းရှိ (၂)ထပ်တိုက်တွင်  ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက်အစောပိုင်းအချိန်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

"ဖမ်းမိတာတော့ (၈၀)အထက် ဖမ်းမိပေမဲ့ သူတို့တွေကတော့  (၆၀)ကျော်လောက်ပဲ စာရင်းပြထားတယ်။ ထုံးစံအတိုင်း ပိုက်ဆံပေးနိုင်မဲ့ အဓိက လူတွေကို တစ်ဦးကို ဘတ်(၈)သိန်းကနေ (၁၀)သိန်းအထိ ယူပြီး ပြန်ထုတ်ပေးလေ့ရှိတာဆိုတော့ အဲ့ဒီအတွက် လူဦးရေ လျှော့ပြထားတာဖြစ်လိမ့်မယ်။ လောလောဆယ်တော့ သူတို့ကို ဆေခမ်းရပ်ကွက်ထဲက နေအိမ်ခြံဝန်းထဲမှာ ထိန်းသိမ်းထားတယ်။  သူတို့ကို ဖမ်းမိတဲ့ နေအိမ်ကတော့ တာချီလိတ်မှာ လောင်းကစားနဲပတ်သက်ရင် နာမည်ကြီးတဲ့ လူရဲ့ အိမ်ပဲ၊ သူတို့က တရုတ်တွေကို အငှားချပေးထားတာပေါ့။ အဲ့ဒါကိုလည်း အိမ်ပိုင်ရှင် အမည်လွဲ တင်ပြထားတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ကျားဖြန့်လက်ကျန် တရုတ်နိုင်ငံသားများကို ဆေခမ်းရပ်ကွက်ရှိ ခြံဝန်းတွင်ထားရှိပြီး စစ်ဆေးနေသလို နေအိမ်တစ်ခုလုံး ငှားရမ်းပေးထားသည့် နေအိမ်ပိုင်ရှင်ကိုလည်း လဝက အက်ဥပဒေဖြင့် အရေးယူနိုင်ရန် သို့မဟုတ် ငွေကြေးဖြင့် ပလပ်နိုင်ရန် ညှိနှိုင်းနေလျက်ရှိကြောင်းလည်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားများအနက် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ တရားမဝင် တရုတ်နိုင်ငံသားများနှင့် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေပြီး ပုန်းအောင်းနေသည့် တရုတ်နိုင်ငံသားများကိုသာ အဓိက ဦးစားပေး ရှာဖွေ ဖမ်းဆီးနေလျှက်ရှိရာ ပုန်းအောင်းနေသည့် တရုတ်နိုင်ငံသားများ၏ တည်နေရာများကို သိရှိပါက သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားရှိသည်။