ငွေကြေးဖောင်းပွမှု နှင့်အတူ စီးပွားရေး ကျဆင်းလာမှုတို့ကြောင့်  အမဲသားကြိုက်သော အာဂျင်တီးနားနိုင်ငံသားများ အမဲသား လျော့စားနေကြရ

ငွေကြေးဖောင်းပွမှု နှင့်အတူ စီးပွားရေး ကျဆင်းလာမှုတို့ကြောင့်  အမဲသားကြိုက်သော အာဂျင်တီးနားနိုင်ငံသားများ အမဲသား လျော့စားနေကြရ
By Mr John

 နွားမွေးမြူရေးလုပ်ငန်းများနှင့် အမဲသားအကင်ဆိုင်များ များပြားသည့် အပြင်  တောင်အမေရိက အဆာဒို အကင်များဖြင့် ကျော်ကြားသော အာဂျင်တီးနားနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှင့်အတူ  စီးပွားရေးကျဆင်းမှု လာမှုတို့ကြောင့်  အမဲသားကို ယခင်ကထက် လျှော့စားနေကြရသည်။ 

အာဂျင်တီးနားတွင် အမဲသား စားသုံးမှုမှာ ၂၀၂၄ ခုနှစ်တွင် (၁၆) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း သိရသည်။

ပုံမှန်အားဖြင့် အာဂျင်တီးနားနိုင်ငံမှာ အမဲသား စားသုံးမှုများသော နိုင်ငံဖြစ်ပြီး အမဲသားမှာ ဘောလုံးပွဲ နှင့် လက်ဖက်ရည်တို့နှင့်အတူ လူမှုအသိုင်းအဝိုင်းတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

 အာဂျင်တီးနား နေအိမ် အတော်များများတွင် အသားကင်ဖိုများ ရှိကြပြီး မိသားစုများ စုဝေးစားသောက်လေ့ရှိကြသည်။ 

အာဂျင်တီးနား၏ မြို့တော် ဗျူနိုအေရီစ်မြို့၏ လမ်းဆုံလမ်းခွ နေရာများတွင် အမဲသား အကင်ဆိုင်များကို တွေ့နိုင်ပြီး လူအများက အမဲသား အကင်ဆိုင်ပတ်လည်တွင် အမဲသားကင်စားရန် စုပြုံနေတတ်သည်။

အာဂျင်တီးနားတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဆန္ဒပြပွဲများ၌ပါ အမဲသားကင်စားလေ့ရှိကြသည်။ 

"အမဲသားက အာဂျင်တီးနား အစားအသောက်ရဲ့ ခွဲခြားလို့မရဘဲ တစ်သားတည်းရှိ‌နေတဲ့ အစိတ်အပိုင်းပဲ။ အီတလီလူမျိုးတွေအတွက် အီတလီခေါက်ဆွဲကို ဖယ်ထားလို့ မရသလိုမျိုးပေါ့" ဟု အမဲသားဆိုင်တွင် တန်းစီစောင့်ဆိုင်းနေသူ အသက် (၆၆) နှစ်အရွယ် ကလော်ဒီယာ စန်မာတင်က Reuters သတင်းဌာနကို ပြောသည်။

"အာဂျင်တီးနားတွေက ဒီလို ခက်ခဲနေချိန်မှာ ဘယ်ဟာကိုမဆို မစားမသောက်ဘဲ ဖြတ်နိုင်တယ်လို့ ကျွန်မ ထင်တယ်။ ဒါပေမဲ့ ကျွန်မတို့ အမဲသား မရှိလို့တော့ မရဘူး" ဟု သူမက ဆိုသည်။ 

နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသားများ အမဲသား စားသုံးမှုနှုန်းမှာ တစ်နှစ်လျှင် (၄၄) ကီလိုဂရမ် (၉၇ ပေါင်) ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၅၂) ကီလိုဂရမ်ကထက် သိသာစွာ လျော့ကျသွားကြောင်း တွေ့ရသည်။

၁၉၅၀ ပြည့်လွန် နှစ်များတွင်မူ အာဂျင်တီးနားတို့၏ အမဲသား စားသုံးမှုနှုန်းမှာ တစ်နှစ်လျှင် (၁၀၀) ကီလိုဂရမ်အထိ ရှိခဲ့သည်။ 

သို့သော် ၂၀၂၄ ခုနှစ်တွင် (၃၀၀) ရာခိုင်နှုန်းနီး ငွေကြေးဖောင်းပွမှုနှုန်းနှင့် သမ္မတ Javier Milei ၏  ခြိုးခြံချွေတာရေး အစီအမံများနှင့်အတူ စီးပွားရေးကျဆင်းနေရာ အာဂျင်တီးနားတို့၏ အမဲသား စားသုံးမှုပါ လျော့ကျသွားကြောင်း သိရသည်။

 

Source: Reuters