Lockdown ဥပဒေချိုးဖောက်မှုဖြင့် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့  ဒဏ်ငွေ ရိုက်ခံရမည်

Lockdown ဥပဒေချိုးဖောက်မှုဖြင့် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့  ဒဏ်ငွေ ရိုက်ခံရမည်
By Mr John

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့် ဘဏ္ဍာရေးဝန်ကြီး ရစ်ရှီဆူနတ်ခ်တို့ကို COVID-19 ကပ်ရောဂါဆိုင်ရာ lockdown ဥပဒေချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့က ဒဏ်ငွေရိုက်သွားမည်ဟု ဆိုသည်။ ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ကာရီဂျွန်ဆင်ကိုလည်း သတ်မှတ်ပြစ်ဒဏ် အသိပေးချက် ပေးပို့သွားမည်ဟု သိရသည်။

ဒဏ်ငွေရိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ အကြောင်းကြားစာများကို လက်ခံရရှိခဲ့ကြကြောင်း ဗြိတိန်အစိုးရတာဝန်ရှိသူတွေကလည်း အတည်ပြုခဲ့သည်။



COVID-19 ကူးစက်မှုတွေကြောင့် lockdown သတ်မှတ်ထားသည့် ကာလအတွင်း ဝန်ကြီးချုပ်၏ ဒေါင်းနင်းလမ်းနေအိမ်တွင် ပါတီပွဲများ ကျင်းပခဲ့မှုကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဒဏ်ငွေရိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ ဒဏ်ငွေရိုက်မှုက မည်သည့်ဖြစ်ရပ်နှင့် ဆက်နွယ်နေကြောင်း ၎င်းတို့ကို ပြောကြားခဲ့ခြင်းမရှိဟု ဝန်ကြီးချုပ်ဂျွန်ဆင်နှင့် ဘဏ္ဍာရေးဝန်ကြီးဆူနတ်ခ်တို့၏ ပြောခွင့်ရပုဂ္ဂိုလ်များက ပြောသည်။

သို့သော် ဝန်ကြီးချုပ်နှင့် ဇနီး၊ ဘဏ္ဍာရေးဝန်ကြီးတို့က ၂၀၂၀ ခုနှစ် ဇွန်လအတွင် ဝန်ကြီးချုပ်၏ မွေးနေ့ပါတီအတွက် စုရုံးတွေ့ဆုံရာတွင် အတူတူရှိခဲ့ကြသည်ဟု ဆိုသည်။



ဝန်ကြီးချုပ်ဂျွန်ဆင်သည် ဥပဒေချိုးဖောက်မှုကြောင့် အရေးယူခံရသည့် တာဝန်ထမ်းဆောင်ဆဲ ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ လေဘာပါတီခေါင်းဆောင် Sir Keir Starmer နှင့် စကော့တလန် အစိုးရအဖွဲ့ခေါင်းဆောင် Nicola Sturgeon တို့က ယခုကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်နှင့် ဆူနတ်ခ်တို့ ရာထူးမှ နှုတ်ထွက်ရမည်ဟု ပြောဆိုခဲ့ကြသည်။

မြို့တော်ရဲတပ်ဖွဲ့က ဝှိုက်ဟောလ်လမ်းနှင့် ဒေါင်းနင်းလမ်းတွင် COVID-19 ဥပဒေချိုးဖောက်ပြီး စုရုံးမှု (၁၂) ခုရှိခဲ့မှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ ထိုစုံစမ်းစစ်ဆေးမှုများအရ လူ (၅၀) ဦးကို ဒဏ်ငွေရိုက်ခဲ့ပြီး နောက်ထပ် ဒဏ်ငွေရိုက်မှုများ ရှိလာနိုင်ကြောင်း ခန့်မှန်းထာကြသည်။



Source: BBC