ထိုင်းအစိုးရက နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်မှုခွဲတမ်း တိုးမြှင့်ရန် ပြန်လည်သုံးသပ်နေ

ထိုင်းအစိုးရက နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်မှုခွဲတမ်း တိုးမြှင့်ရန် ပြန်လည်သုံးသပ်နေ
By Mr John

ထိုင်းနိုင်ငံ အစိုးရက နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူပိုင်ဆိုင်မှု တိုးမြှင့်ရန် ဖြစ်နိုင်ခြေအပေါ် လေ့လာသွားမည်ဖြစ်ပြီး အဆောက်အအုံတစ်ခု၏ အသုံးပြုနိုင်သော နေရာကို နိုင်ငံခြားသားများအတွက် (၄၉) ရာခိုင်နှုန်း သတ်မှတ်ထားရာမှ (၇၅) ရာခိုင်နှုန်းသို့ မြှင့်တင်ခွင့်ပြုသွားရန် ပြန်လည်သုံးသပ်သွားမည်ဟု ဒုဝန်ကြီးချုပ် Phumtham Wechayachai က ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း နိုင်ငံခြားသားများအတွက် မြေနှင့် အိမ်ရာ အဆောက်အအုံ ငှားရမ်းရာတွင် လက်ရှိ နှစ် (၅၀) သက်တမ်း ခွင့်ပြုထားမှုကို (၉၉) နှစ်သို့ တိုးမြှင့်သတ်မှတ်ရန် သင့်လျော်ခြင်းရှိ မရှိ မေးမြန်းထားကြောင်း ဒုဝန်ကြီးချုပ် Phumtham က ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် သတင်းထောက်များကို ပြောခဲ့သည်။

ထိုင်းအစိုးရက စီးပွားရေး မြှင့်တင်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အစီအမံများ ကြံဆဆောင်ရွက်နေရာ ယခု အဆိုပြုချက်ကို ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် ပထမဆုံး တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။ 

ပြည်တွင်း အိမ်ခြံမြေလုပ်ငန်း ဦးဆောင်သူများကလည်း နိုင်ငံခြားသားများ ပိုင်ဆိုင်မှုခွဲတမ်းကို အပြောင်းအလဲလုပ် တိုးမြှင့်ရန် ဖိအားပေးမှုရှိခဲ့ပြီး နိုင်ငံခြားသား ဝယ်လက်များထံမှ ဝယ်လိုအား မြင့်တက်လာနေကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ စာရင်းများအရ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသားများက ကွန်ဒိုတိုက်ခန်း (၁၄,၄၄၉) ခန်း ဝယ်ယူခဲ့ကြပြီး ၂၀၂၂ ခုနှစ်ကထက် (၂၅) ရာခိုင်နှုန်း မြင့်တက်လာကာ တန်ဖိုးအားဖြင့် (၂၃.၅) ရာခိုင်နှုန်း ဘတ် (၇၃.၁) ဘီလီယံသို့ မြင့်တက်လာရာ COVID-19 ကပ်ရောဂါ မတိုင်မီကထက် ပိုများကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ တရုတ်နိုင်ငံသားများက အများဆုံးဖြစ်ပြီး တရုတ်ပြီးလျှင် ရုရှား၊ အမေရိကန်နှင့် မြန်မာနိုင်ငံသားများက ဝယ်ယူမှု အများဆုံး ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံခြား၌ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများနှင့် အကျိုးဆောင်များကို ဖမ်းဆီးမှုများ ရှိနေသည်။

Source: Bangkok Post