ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးရွာတွင် စစ်ကောင်စီက စစ်အသုံးစရိတ်အဖြစ် တစ်အိမ် ကျပ်ငါးသိန်း ကောက်ယူ

ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးရွာတွင် စစ်ကောင်စီက စစ်အသုံးစရိတ်အဖြစ် တစ်အိမ် ကျပ်ငါးသိန်း ကောက်ယူ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံများကို 

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက စစ်စရိတ်အဖြစ် တစ်အိမ် ငွေကျပ်ငါးသိန်း ကောက်ယူနေကြောင်း PNLA ထံမှ သိရသည်။

စစ်ရှောင်ရာမှပြန်လာသည့် ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံများကို အတင်းအဓမ္မ လူသစ်ဆုဆောင်းသည့်အပြင် တစ်အိမ်ငါးသိန်းကျပ် စစ်စရိတ်ကောက်ယူနေကာ နိုင်ငံခြားထွက်၍ အလုပ်လုပ်ကိုင်သူရှိသည့် အိမ်များကိုမူ တစ်အိမ်လျှင် (၈)သိန်းကျပ် ကောက်ယူသည်ဟု သိရသည်။ 

“စစ်အသုံးစရိတ်ကို တစ်ကြိမ်ထဲ အပြီးမထည့်နိုင်ရင် နှစ်ကြိမ်ခွဲထည့်ခိုင်းတာ။ ဇွန်လ(၁၉)ရက်နေ့မှာ တစ်ကြိမ် ပေးပြီးပြီ။ ကျန်တဲ့ ငွေကျပ် နှစ်သိန်းခွဲကို လကုန်ရက် အပြီးပေးရမယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး စစ်စရိတ်အဖြစ် ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်လလျှင် တပ်သားသစ် (၆)ဦး ပို့ဆောင်ရမည်ဟုလည်း တောင်းယူကာ လူသစ်များကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်း၌ သင်တန်းပေးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နောင်ဝိုး၊ ချောင်းချား၊ တမထ ၊ လိန်ခမ်၊ ကုန်းပေါစသည့် ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency