ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆိုင်ကယ်များကို ရပ်တန့်ကာ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးပြီးနောက် ညွှန်ကြားချက်မရှိဘဲ ရောယောင်ကာ ဖုန်းအတွင်းမှ VPN စစ်ဆေးမှုပါ လုပ်ဆောင်နေကြောင်း သိရသည်။
ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၇)ရက်နေ့၏ နံနက်ပိုင်းက ကျိုင်းတုံမြို့တွင်း နေရာ (၂)နေရာတွင် ကား/ဆိုင်ကယ်များဖြင့် လာသမျှ လူများကို ရပ်တန့်ကာ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးသလို ပြုလုပ်ပြီး ဖုန်းအတွင်း၌ VPN များ ရှိ မရှိ စစ်ဆေးပြီး အချို့ကို ငွေတောင်းခံမှုများ ရှိနေကြောင်း သိရသည်။
"ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူးရုံးက အသိကို မေးကြည့်တာ ကျိုင်းတုံမှာ VPN စစ်ဆေးဖို့ ညွှန်ကြားချက် မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီနေ့ မနက်က ကျိုင်းတုံမှာ VPN စ စစ်နေတယ်။ တချို့က ငွေပေးခဲ့ရသလို တချို့က ဖုန်းသိမ်းခံရတယ်လို့ ပြောတယ်။ ငွေမပေးရင် အချုပ် (၁၅)ရက်ချမယ်တဲ့။ လုပ်စားနေကြတာလား ဘာလဲတော့ တိတိကျကျ မသိရရဘူး။ အေးချမ်းတဲ့ ကျိုင်းတုံမှာ လုပ်ချင်သလို လုပ်နေတာကတော့ မဖြစ်သင့်ဘူး"ဟု အမည်မဖော်လိုသည့် ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency ကို ဇွန်လ(၁၇)ရက်နေ့တွင် ပြောပြသည်။
ရဲ၊ ယာဉ်ထိန်းရဲ နှင့် စစ်တပ် ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆိုင်ကယ်စီး ဦးထုပ် နှင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးသလို ဟန်ပြပြီး ဖုန်းတောင်းယူကာ VPN ထည့်သွင်းထားခြင်း ရှိ မရှိ ရှာဖွေ စစ်ဆေးခြင်းဖြစ်ကြောင်း စစ်ဆေးခံရသူ လူငယ်တစ်ဦးထံကလည်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ရဲတပ်ဖွဲ့အနေဖြင့် ခိုးဆိုးလုယက်မှုများကို ကျူးလွန်သည့် တရားခံများကို အမြန်ဆုံး ဖမ်းဆီးနှိမ်နင်းရန်သာ ညွှန်ကြားထားကြောင်း သိရသည်။