လာအိုနိုင်ငံဘက်က ဖမ်းဆီးပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား (၁၇)ဦးကို (၁၅)ရက် ဝန်းကျင်အကြာ စစ်ကြောရေး ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်သားများအား အသရေဖျက်စော်ကားထားမှုများကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-က အပါအဝင် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
လာအိုဘက်က ဖမ်းဆီးပြီး ပြန်လည် လွှဲပြောင်းပေးခံရသူများမှာ ကိုကျော်စွာဝင်း (ခ) ဆိုင်းနော်ခေတ် အပါအဝင် ဦးဝင်းငြိမ်း၊ ကိုရွှေပေါ်(ခ)မောင်ထွန်း၊ ကိုသောင်းကြိုင်(ခ) မင်းမောင်၊ ကိုကျော်ကျော်၊ ကိုမျိုးသူ၊ ကိုစွမ်းထက်ဦး၊ ကိုဝင်းဇော်ထွန်း၊ ကိုအေးချမ်းအောင်၊ မောင်ဖိုးသား(ခ)ဝတုတ်၊ ကိုမျိုးထက်နိုင်၊ ကိုထွန်းထွန်းလှိုင် နှင့် ကိုစိုးမိုး စုစုပေါင်း အမျိုးသား(၁၃)ဦး ပါဝင်သည်။
ကျန်အမျိုးသမီး (၄)ဦးမှာ မဝေဝေသင်း (ခ) ဝေဝေသန်း၊ မယဉ်ယဉ်ထွေး(ခ)မှုံမှုံ၊ မပန်းဝတ်ရည်လှိုင်(ခ)မီးမီး နှင့် မဟေမာဖြိုး(ခ) ဟေမာန်စိုးတို့ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးပုံမှာ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်(ကာစီနို)တွင် နေထိုင်ကာ အလုပ် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၂၄)ဦးသည် ၂၀၂၄ခုနှစ် ဧပြီလ(၁၃)ရက်နေ့က ရွှေတြိဂံအထူးစီးပွားရေးဇုန်(ကာစီနို)ဝန်း ကမ္ဘာလုံးကျောက်ဆိပ်ကမ်း၏ လမ်းမပေါ်တွင် စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံစဉ် လာအိုရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးရာ အလှူငွေကောက်ခံရာတွင် ပါဝင်သည့် (၂၄)ဦးအနက် (၁၇)ဦးမှာ ဖမ်းဆီးခံရပြီး (၈)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းခံရသူ (၁၇)ဦးကို လာအိုရဲတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဧပြီလ(၁၃)ရက်နေ့ကနေ မေလ(၂)ရက်နေ့အထိ ရက်ပေါင်း (၂၀)ဝန်းကျင်အကြာ ဖမ်းဆီးထားပြီးနောက် မေလ(၃)ရက်နေ့တွင် မြန်မာဘက် စစ်တပ်ထံ အပ်လိုက်ခြင်း ဖြစ်သည်။
လာအိုဘက်က လွှဲပြောင်းမှုကို သွားရောက်လက်ခံပြီးနောက် အဆိုပါ (၁၇)ဦး၏ ဦးခေါင်းများကို ပလပ်စတစ်အိတ်အမဲများ စွပ်ကာ ကားဖြင့် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ စရဖ(စရတ)စခန်း သို့မဟုတ် ဟောင်လိတ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး (၁၅)ရက် ဝန်းကျင်အကြာ စစ်ကြောရေးပြုလုပ်ပြီးနောက် ၎င်းတို့အား အမှုဖွင့်ထားသည့် ဝမ်ပုံနယ်မြေရဲစခန်းသို့ မေလ(၁၆)ရက်နေ့၏ ညနေပိုင်းက ပြောင်းရွှေ့ထားရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၁၇)ဦးကို (၁၅)ရက် ဝန်းကျင်အကြာ စစ်ကြောရေးအဖြစ် စစ်ဘက်ရေးရာလုံခြုံရေးတပ်၏ အမှတ်(၂)တပ်ခွဲ၊ အမှတ်(၁)တပ်စု၏ ဗိုလ်ကြီးကျော်ဇေယျာဟိန်း ဦးဆောင်သည့်အဖွဲ့က စစ်ကြောပြီးနောက် အမှုဖွင့်ရမည့် ပုဒ်မများသတ်မှတ်ကာ ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၄ခုနှစ် မေလ(၁၆)ရက်နေ့က အမှုဖွင့်ပြီးနောက် ဆက်လက်ပြီး မေလ(၁၇)ရက်နေ့တွင် ဝမ်ပုံနယ်မြေရဲစခန်း၌ပင် (ပ)၉/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည)/၅၂(က)ဖြင့်ပါ အမှုဖွင့်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား (၁၇)ဦးကို လွှဲပြောင်းသည့်နေ့က လာအို နှင့် မြန်မာ နယ်စပ်ချင်း ချိတ်ဆက်နေသည့် ရွှေတြိဂံဒေသအတွင်း လာအို - မြန်မာ နယ်စပ်တလျှောက် တရားမဝင် ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခို ကိစ္စ အပြင် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်(ကာစီနို)အတွင်း မြန်မာစစ်အာဏာရှင်များအပေါ် ဆန့်ကျင်ရေးလုပ်ဆောင်မှုများ မရှိစေရေး ကိစ္စရပ်များကို မြန်မာဘက်က စစ်တပ်နှင့် လာအို စစ်တပ်အချင်းချင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့အနေဖြင့် စစ်အာဏာရှင်များအပေါ် ဆန့်ကျင်သူများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ နှင့် နီးစပ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းအထိ TBC ကနေ တဆင့် နှစ်ဖက် စစ်တပ်ချင်း ချိတ်ဆက်ကာ ဖမ်းဆီးမှုများ ရှိခဲ့သလို တာချီလိတ်နှင့်နီးစပ်သည့် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်(ကာစီနို)ဝန်းကျင်တွင်လည်း ယခုလို ဖမ်းဆီးရေးကိစ္စရပ်များကို RBC ကနေသော်လည်းကောင်း ကြားခံများကနေသော် လည်းကောင်း ချိတ်ဆက်ပြီး လုပ်ဆောင်မှုများရှိကြောင်း သိရသည်။
နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူထားလိုက်သည့် ၂၀၂၁ခုနှစ် နောက်ပိုင်း လာအိုနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသား (၄၀,၀၀၀)ဝန်းကျင် နည်းလမ်းမျိုးစုံဖြင့် ထပ်တိုးရောက်ရှိလာကြောင်းနှင့် လူကုန်ကူးမှုနှင့် ရာဇဝတ်မှုများဖြင့် ကျော်ကြားသည့် တရုတ်ထိန်းချုပ်ထားသော ဟိုတယ်များတွင် အလုပ်အကိုင်များ ရရှိရန်အတွက် ကြိုးစားကြရသူများမှာ မြန်မာနိုင်ငံသား အများအပြား ဖြစ်သည်ဟု လာအိုဘက် မီဒီယာများတွင် ဖော်ပြထားသည်။