အစိုးရအဆက်ဆက် ခွင့်ပြုမိန့်များကို အသိအမှတ်မပြုဟု TNLA ထုတ်ပြန်

အစိုးရအဆက်ဆက် ခွင့်ပြုမိန့်များကို အသိအမှတ်မပြုဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသအတွင်း အစိုးရအဆက်ဆက် ဌာနဆိုင်ရာအသီးသီးက ခွင့်ပြုခဲ့သည့် ပုဂ္ဂလိကလုပ်ငန်းများ၏ ခွင့်ပြုမိန့်၊ လိုင်စင်နှင့် အမိန့်စာများကို အသိအမှတ်မပြုကြောင်း TNLAက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တအာင်းပြည်နယ်အတွင်း ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင်မြန်မာအစိုးရအဆက်ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုမိန့်၊ လိုင်စင်နှင့် အမိန့်စာ ရယူပြီးလည်ပတ်နေသည့် တအာင်းပြည်နယ်ရှိ သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများနှင့်ပတ်သက်၍ ယင်းသို့ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့အပြင် လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လိုပါက သတ်မှတ်ထားသည့် ခွင့်ပြုချက်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့မတိုင်မီ နောက်ဆုံးထားရယူလျှောက်ထားရမည်ဟု သိရသည်။

သတ်မှတ်ရက်ကာလအတွင်း ခွင့်ပြုချက်ရယူလျှောက်ထားခြင်းမပြုပါက အဆိုပါလုပ်ငန်းများ၊ လုပ်ငန်းနှင့်စပ်ဆက်သည့် အဆောက်အဦး၊ ပစ္စည်းအစရှိသည်များကို တအာင်းပြည်သူပိုင်အဖြစ်သိမ်းကာ လုပ်ငန်းလည်ပတ်ရန် ဆက်လက်ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအပြစ်ပေး အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် တအာင်းဒေသအတွင်း မြေရှားသတ္တုလုပ်ငန်းကို စမ်းသပ်ရှာဖွေတိုင်းတာခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများအား မည်သည့်လုပ်ငန်းရှင်ကိုမှ ခွင့်ပြုမည်မဟုတ်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News