မြန်မာ့အရေးကို ဖြေရှင်းရန် ထိုင်းနိုင်ငံက မဆုတ်မနစ် လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် သာဗီစင် ပြောကြား

မြန်မာ့အရေးကို ဖြေရှင်းရန် ထိုင်းနိုင်ငံက မဆုတ်မနစ် လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် သာဗီစင် ပြောကြား
By Mr John

 အိမ်နီးချင်း မြန်မာနိုင်ငံတွင် အကျပ်အတည်း အဆုံးသတ်စေရန် ထိုင်းနိုင်ငံ အနေဖြင့် မဆုတ်မနစ် လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ဆိုသည်။ 

မြန်မာ့အရေး ဖြေရှင်းရန် ထိုင်းအစိုးရက လက်ရှိ အာဆီယံဥက္ကဌ လာအိုနိုင်ငံနှင့် အခြား အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ် သာဗီစင်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် Nikkei Inc. မီဒီယာကုမ္ပဏီ၏ Future of Asia Forum ဆွေးနွေးပွဲအတွင်း ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ပြောကြားသည်။

တိုက်ပွဲများ အရှိန်မြင့်နေသော ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်ရှိ မြန်မာပြည်သူများအတွက် ထိုင်းအစိုးရ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးနေကြောင်းလည်း သာဗီစင်က ဆိုသည်။ 

"မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကျွန်တော်တို့ အတူတကွ မဆုတ်မနစ် လုပ်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်" ဟု ထိုင်းဝန်ကြီးချုပ် သာဗီစင်က ပြောသည်။

မြန်မာနှင့် နယ်နမိတ်ချင်း ထိစပ်နေပြီး တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် တိမ်းရှောင်လာရသည့် စစ်ဘေးရှောင် ဒုက္ခသည်များအရေး ကိုင်တွယ်နေရသော ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင် ပဋိပက္ခ ဖြေရှင်းရန် အရှိန်မြှင့် ကြိုးပမ်းနေသည်။ 

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် မကြာသေးမီလများအတွင်းက တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသော မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုမှာ နှစ်ကာလရှည်ကြာ ရပ်တည်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထားသော မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ် ဆင်မှုကြောင့် ရုန်းကန်နေရပြီး ၎င်းတို့၏ အခိုင်အမာ စစ်စခန်းများနှင့် ထိန်းချုပ်နယ်မြေများကို လက်လွှတ်ဆုံးရှုံးနေရသည်။

 

Source: Bangkok Post