ကန့်ကွက်မှုရှိနေသော်လည်း ရှင်ဇိုအဘေး၏ ဈာပနအတွက် ဒေါ်လာ (၁.၈) သန်း အကုန်အကျခံမည် 

Photo: REUTERS/Issei Kat
Photo: REUTERS/Issei Kat
ကန့်ကွက်မှုရှိနေသော်လည်း ရှင်ဇိုအဘေး၏ ဈာပနအတွက် ဒေါ်လာ (၁.၈) သန်း အကုန်အကျခံမည် 
သြဂုတ် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်အစိုးရက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားကို အမေရိကန်ဒေါ်လာ (၁.၈၃) သန်း အကုန်အကျခံ ပြုလုပ်သွားမည်ဟု ဩဂုတ်လ (၂၆) ရက်နေ့တွင် ပြောကြားသည်။ 

အာဏာရပါတီနှင့် Unification Church ဘာသာရေးအဖွဲ့အစည်းကြား ဆက်နွယ်မှုလျှို့ဝှက်ချက်များ ထွက်ပေါ်လာမှုကြောင့်   ဒေါသထွက်နေသည့် ပြည်သူလူထုမှ ဆန့်ကျင်ကန့်ကွက်မှုများ တိုးလာနေသော်လည်း ဂျပန်အစိုးရက ရှင်ဇိုအဘေးအတွက် နိုင်ငံတော်ဈာပနကို ထိုမျှအကုန်အကျခံ ပြုလုပ်သွားမည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ရှင်ဇိုအဘေးမှာ ဇူလိုင်လ (၈) ရက်နေ့တွင် လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံမှုတစ်ခုအတွင်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ 

လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မကြာမီ ၎င်း၏ဈာပနကို ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ဂျပန်အစိုးရက တိုကျိုမြို့ရှိ Nippon Budokan အားကစားရုံတွင် လာမည့် စက်တင်ဘာလ (၂၇) ရက်နေ့ နိုင်ငံတော်ဈာပန ပြုလုပ်သွားမည်ဟု သိရသည်။

ဝန်ကြီးချုပ်ဟောင်းအဘေး၏ လက်ရင်းတပည့်ဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက နိုင်ငံတော်ဈာပနအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့်သာ ကျခံမည်ဟု ဆုံးဖြတ်ခဲ့သည်။ 

သို့သော် သဘောစစ်တမ်းများအရ ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြကြောင်း တွေ့ရသည်။ 

စစ်တမ်းတွင် ပါဝင်ဖြေကြားသူများ၏ (၅၃) ရာခိုင်နှုန်းက နိုင်ငံတော်ဈာပန အစီအစဥ်ကို သဘောမတူကြဟု သိရသည်။ 

အဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားကို လက်ရှိနှင့် ယခင်က ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကြမည်ဟု မျှော်လင့်ရပြီး အမေရိကန်သမ္မတဟောင်း ဘာရတ်အိုဘားမား တက်ရောက်မည်ဟု သတင်းများက ဆိုသည်။

ထို့အပြင် ပြည်သူလူထုက ဂျပန်အာဏာရပါတီနှင့် Unification Church ဘာသာရေးအဖွဲ့အစည်းကြား ဆက်ဆံရေးကိစ္စအပေါ် ဒေါသထွက်နေကြပြီး ဝန်ကြီးချုပ်ကီရှီဒါအတွက် အဓိက ခေါင်းကိုက်စရာအခြေအနေ ဖြစ်လာသလို ၎င်းကိုထောက်ခံမှုနှုန်းလည်း ကျဆင်းခဲ့သည်။ 

၁၉၅၀ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် တည်ထောင်ခဲ့သည့် Unification Church ဘာသာရေးအဖွဲ့အစည်းက အစုလိုက်အပြုံလိုက် မင်္ဂလာပွဲများ စီစဥ်ကျင်းပမှုဖြင့် နာမည်ကြီးသည်။

သို့သော် ထိုဘာသာရေးအဖွဲ့အစည်းက နှစ်များနှင့်ချီပြီး မည်သို့ အလှူငွေကောက်ခံခဲ့ကြောင်းကို မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံကို ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာပင် ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းက Unification Church ကို အငြိုးအတေးထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

မိခင်ဖြစ်သူမှာ ထိုဘာသာရေးအဖွဲ့အစည်းကို အလှူငွေများ ပေးအပ်လှူဒါန်းမှုကြောင့် မွဲသွားခဲ့ကြောင်းနှင့် အဘေးက ထိုအဖွဲ့ကို အားပေးခဲ့ကြောင်း သံသယရှိသူက ပြောဆိုထားသည်ဟု ၎င်း၏ ဆိုရှယ်မီဒီယာပို့စ်မျာနှင့် သတင်းများအရ သိရှိရသည်။ 

ရှင်ဇိုအဘေးကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် ထိုအမျိုးသားကို စိတ်ရောဂါရှိ မရှိ စစ်ဆေးခဲ့ကြောင်းလည်း မီဒီယာများက ဖော်ပြသည်။

Source: Reuters