ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းရှိ မူးမြို့နယ်နှင့် ဆောထိမြို့နယ်တို့အတွင်း စစ်ကောင်စီတပ်၏ ပြည်သူများကိုပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုမှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် မေလ (၁၈)ရက်နေ့ မနက် (၈)နာရီတွင် စစ်ကောင်စီတပ် ခမရ(၃၀၇) တပ်ရင်းမှ ကြင်ခါးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ဒေသခံတစ်ဦး လက်နက်ကြီးအစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုမှ သတင်းထုတ်ပြန်သည်။

ထို့အပြင် မေလ (၂၁)ရက်နေ့ မနက် (၇)နာရီခွဲခန့်တွင် စစ်ကောင်စီတပ် ခလရ(၂၆၄) တပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အင်းဗလာကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ရာ အင်းဗလာကျေးရွာနေ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏဆိုသလို ပြုလုပ်နေပြီး ပြီးခဲ့သည့်မေလ (၁၇)ရက်ကလည်း သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် (၄)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU