ထိုင်းဝန်ကြီးချုပ် သာဗီစင်ကို ရာထူးမှ ထုတ်ပယ်ရန် အထက်လွှတ်တော်အမတ်များ၏ လျှောက်ထားတင်ပြမှုကို အခြေခံဥပဒေခုံရုံးက လက်ခံ

ထိုင်းဝန်ကြီးချုပ် သာဗီစင်ကို ရာထူးမှ ထုတ်ပယ်ရန် အထက်လွှတ်တော်အမတ်များ၏ လျှောက်ထားတင်ပြမှုကို အခြေခံဥပဒေခုံရုံးက လက်ခံ
By Mr John

 ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ခန့်အပ်ရာတွင် ထောင်ဒဏ်ချမှတ်ခံရသည့် မှတ်တမ်းရှိသူကို ရွေးချယ်ခန့်အပ်ခဲ့မှုအပေါ် ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်အား ရာထူးမှ ထုတ်ပယ်ရန် အထက်လွှတ်တော်အမတ်များ၏ လျှောက်ထားတင်ပြမှုကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ကြားနာစစ်ဆေးရန် လက်ခံလိုက်သည်။

သို့သော် ယခုကိစ္စကို စစ်ဆေးနေစဥ်အတွင်း ဝန်ကြီးချုပ် သာဗီစင်ကို ရာထူးမှ ဆိုင်းငံ့ထားခြင်း မပြုရန် ခုံရုံး တရားသူကြီးများက ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

အခြေခံဥပဒေ ခုံရုံး တရားသူကြီး (၉) ဦးက ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အထက်လွှတ်တော်အမတ် (၄၀) ဦးပါ အုပ်စုတစ်ခုက ဝန်ကြီးချုပ်ကို ရားထူးမှ ထုတ်ပယ်ရန် လျှောက်ထားတင်ပြမှုအပေါ် ဆွေးနွေးခဲ့ကြသည်။

အထက်လွှတ်တော် အမတ်များ၏ လျှောက်ထားတင်ပြမှုကို ထောက်ခံမဲ (၆) မဲ၊ ကန့်ကွက်မဲ (၃) မဲဖြင့် အခြေခံဥပဒေ ခုံရုံးက လက်ခံလိုက်ပြီး ဝန်ကြီးချုပ် သာဗီစင် အနေဖြင့် (၁၅) ရက်အတွင်း ရှင်းလင်းချက်ပေးရန် ညွှန်ကြားလိုက်သည်။ 

လက်ရှိ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် ဝန်ကြီးချုပ် သာဗီစင်က အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်းနှင့် ၎င်း၏ ခုခံချေပမှုအတွက် ဥပဒေအဖွဲ့နှင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။

"ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော် နိုင်ငံရေးထဲ ဝင်တဲ့အခါ စေ့စေ့စပ်စပ် စစ်ဆေးခံရဖို့ အသင့်ဖြစ်နေခဲ့ပါပြီ" ဟု ထိုင်းဝန်ကြီးချုပ် သာဗီစင်က ပြောသည်။ 

 

အစိုးရအဖွဲ့ အပြောင်းအလဲအတွင်း ပြီးခဲ့သည့် ဧပြီလတွင် ရှေ့နေဟောင်းဖြစ်သူ Pichit Chuenban ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်မှုကို အထက်လွှတ်တော် အမတ်များက ကန့်ကွက်ခဲ့ကြသည်။

ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ်ခန့်အပ်ခံရသူ Pichit မှာ ၂၀၀၈ ခုနှစ်တွင် ဘတ် (၂) သန်း ပါဝင်သော အဆာပြေမုန့်ဘူးကို တရားရုံးချုပ်တွင် ချပေးခဲ့ရာ ထိုလုပ်ရပ်က တရားရုံး တာဝန်ရှိသူများကို လာဘ်ထိုးရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ပြီး ၎င်းနှင့်အတူ လုပ်ဖော်ကိုင်ဖက် (၂) ဦးအား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် (၆) လ ချမှတ်ခဲ့သည်။ 

ထိုဖြစ်ရပ်ပြီးနောက် ထိုင်းရှေ့နေများကောင်စီ Lawyers Council of Thailand က Pichit ၏ ရှေ့နေလိုင်စင်ကို (၅) နှစ်ကြာ ဆိုင်းငံ့ခဲ့သည်။

အထက်လွှတ်တော် အမတ်များက Pichit ထံတွင် အခြေခံဥပဒေအရ ဝန်ကြီးရာထူး ရယူရန် လိုအပ်သော ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများ ရှိ မရှိ ခုံရုံးက ဆုံးဖြတ်ပေးရန် လိုလားကြသည်။ 

ထို့အတူ ဝန်ကြီးချုပ်သာဗီစင်ကိုလည်း ဝန်ကြီးရာထူး ခန့်အပ်ရာတွင် အခြေခံဥပဒေ ချိုးဖောက်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးရန် အထက်လွှတ်တော် အမတ်အုပ်စုက ခုံရုံးကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တောင်းဆိုမှုများရှိလာပြီးနောက်တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသည့် ရှေ့နေဟောင်း  Pichit Chuenban သည် ရာထူးကနေ  ၂၀၂၄ ခုနှစ် မေလ (၂၁) ရက်နေ့တွင် နုတ်ထွက်ခဲ့ပြီး ဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် ပြုလုပ်သည့် ခုံရုံး တရားသူကြီးများ အစည်းအ‌ဝေးတွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်း Pichit နှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်များ၏ အလားတူ လျှောက်ထားတင်ပြမှုကိုလည်း ထောက်ခံမဲ (၈) မဲ၊ ကန့်ကွက်မဲ (၁) မဲဖြင့် လက်ခံလိုက်သည်။ 

အခြေခံဥပဒေ ခုံရုံးက အထက်လွှတ်တော်အမတ်များ၏ လျှောက်ထားတင်ပြမှုကို လက်ခံလိုက်ပြီဖြစ်ရာ ဝန်ကြီးချုပ် သာဗီစင်၏ အနာဂတ်နှင့် ပတ်သက်၍ မည်သည့်အချိန်တွင် မည်သို့ ဆုံးဖြတ်သွားမည်ကို စောင့်ကြည့်နေကြသည်။

Source: Bangkok Post