မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း ဟောင်လိတ်နယ်မြေရဲစခန်းနှင့် မနီးမဝေးရှိ ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနောက် စားသောက်ဆိုင်အတွင်း လူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် မေလ(၂၂)ရက်နေ့ ည(၇)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး ဆေးခမ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက်ရှိ စားသောက်ဆိုင်းအတွင်းမှ အမျိုးသားတစ်ဦးကို အမည်မသိ လူ(၂)ဦးက Vigo အမျိုးအစား ကားဖြင့် လာရောက်ပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်။
သေဆုံးသူမှာ အသက်(၄၂)နှစ် ဝန်းကျင်ရှိ စိုင်းဆမ်ဆိုသူဖြစ်ပြီး ၎င်းသည် ရင်ဘတ်နှင့်လက်တို့တွင် ကျည်များထိမှန်ကာ အခင်းဖြစ်ပွားရာတွင် သေဆုံးသွားခြင်းဖြစ်ပြီး
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းက စုံစမ်းနေသည်ဟု သိရသည်။
သေနတ်သမားမှာ အနည်းဆုံး (၅)ချက်ကနေ (၁၀)ချက် ဝန်းကျင်အထိ ပစ်ခတ်သွားပြီး အခင်းဖြစ်ပွားရာ နေရာနှင့် ဟောင်လိတ်နယ်မြေရဲစခန်း၏ အကွာအဝေးမှာ (၀.၈၅)ကီလိုမီတာ ဝန်းကျင်သာ ကွာဝေးကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ်နောက်ပိုင်း နည်းမျိုးစုံဖြင့် စစ်အာဏာရှင် တော်လှန်ရေး လုပ်ဆောင်သူများကို စစ်တပ်နှင့်ရဲ ပူးပေါင်းပြီး ရအောင် ဖမ်းဆီးလေ့ရှိသော်လည်း ပြန်ပေးဆွဲမှုများ အပါအဝင် အကြွေးကိစ္စသော် လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအရသော် လည်းကောင်း၊ မူးယစ်ဆေးဝါးကြောင့်သော် လည်းကောင်း၊ လောင်းကစားကြောင့်သော် လည်းကောင်း ဖြစ်ပွားသည့် လူသတ်မှုများကိုတော့ စစ်တပ်နှင့်ရဲ တက်တက်ကြွကြွ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်သည်မှာ မရှိသလောက် နည်းပါးသည်။