မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကျောင်းသားလက်ရုံးတပ်တော်နှင့်မဟာမိတ်များမှ ကြားဖြတ်တိုက်ခိုက်

မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကျောင်းသားလက်ရုံးတပ်တော်နှင့်မဟာမိတ်များမှ ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်များမှ ၂၀၂၄ခုနှစ် မေလအတွင်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ကြောင်း Student Armed Force-ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်သည်။

မင်းတုန်းမြို့နယ် ငကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၁၃၀) ခန့်သည် မေလ (၁၄)ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရွာထိပ်တောင်ကုန်းများပေါ်သို့ (၆)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ကာ ငကုန်းကျေးရွာအတွင်း၌ တပ်စွဲနေခဲ့ကြောင်း သိရသည်။

အဆိုပါ ငကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီစစ်ကြောင်းကို အင်အားဖြည့်တင်းရန်လာရောက်သည့် စစ်ကောင်စီ အင်အား (၆၀) ခန့်ပါရှိသည့် ဖောကား (၂)စီးအား ကျွဲဘေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာအကြားတွင် မေလ (၁၈)ရက်နေ့ နံနက် (၅)နာရီခွဲခန့်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် မေလ (၁၀)ရက်နေ့တွင် မင်းတုန်းမြို့နယ် ရွာသစ်ကျေးရွာနှင့် ငှက်ပျင်းကျေးရွာကြားတွင် (၁)ကြိမ်၊ မေလ (၁၁)ရက်နေ့တွင် ရွာသစ်ကျေးရွာနှင့် ကြို့ဝကျေးရွာကြားတွင် (၁)ကြိမ် မဟာမိတ်ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတုန်းဆေးရုံသို့ သယ်ဆောင်ကုသနေပြီး၊ တချို့ကို မကွေးဆေးရုံထိပို့၍ ဆေးကုသပေးနေကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ ဆိုသည်။

တိုက်ခိုက်မှုများကို ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ မကွေးတိုင်း၊ သရက်ခရိုင် အမှတ် (၄)တပ်ရင်း Eagle forceနှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

#TachileikNewsAgency