ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ဝင်လာသည့် ကုန်တင်မော်တော်ယာဉ်များအား ထိုင်းတာဝန်ရှိသူများက စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ( ၇ ) ပြားသယ်လာသည့် ကုန်တင်ယာဉ်မောင်းအား ဖမ်းမိကြောင်း သိရသည်။
တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတားအနက် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားကနေ တဆင့် မယ်ဆိုင်ဘက်ဝင်လာသည့် ကုန်တင်ယာဉ်များအား ၂၀၂၄ ခုနှစ် မေလ (၁၇)ရက်နေ့တွင် ထိုင်းဘက်က မူးယစ်ဆေးရှာသည့် ခွေးဖြင့်ပါ ရှာဖွေစစ်ဆေးရာ (၂၂)ဘီးယာဉ်မောင်းတစ်ဦးထံမှ မူးယစ်ဆေးပြားအချို့ကို ဖမ်းမိခြင်းဖြစ်သည်။
အဆိုပါ ထိုင်းနိုင်ငံသားယာဉ်မောင်းက တာချီလိတ်ဘက်မှ မူးယစ်ဆေးပြား တစ်ပြားလျှင် ဘတ် (၅၀)ဖြင့် ဝယ်လာခဲ့ပြီး (၂)ပြားကို သုံးစွဲခဲ့ကာ ကျန် (၇)ပြားကို ယူဆောင်လာခြင်းဖြစ်သည်ဟု ထွက်ဆိုခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကုန်တင်ယာဉ်မောင်းအား ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးသယ်ဆောင်လာမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။