အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်

အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်

တနင်္သာရီတိုင်းအတွင်း ထားဝယ်မြို့၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက Drone စစ်ဆင်ရေးအဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အား ၂၀၂၄ခုနှစ် မေလ(၁၆)ရက်နေ့၏ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF၊ TPLF Drone တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းမှ Sky Ghost Drone force၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ T5 Wing၊ ဒေါနစစ်ကြောင်း တပ်ခွဲ (၄) KBDF Drone တပ်ဖွဲ့၊ YAF Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်း ရပ်နားထားသည့် MI-2 ရဟတ်ယာဉ် (၂)စီး အပါအဝင်  အရာရှိများစုဝေးရာ အဆောက်အဦးများကို အဓိက ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၏ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနက မေလ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က အနီးအနားရှိ ကျေးရွာများအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သလို  MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း  လေကြောင်းကနေ နှစ်ကြိမ် ပစ်ခတ်မှုများ လုပ်ဆောင်သော်လည်း   ဒရုန်းစစ်ဆင်ရေးရဲဘော်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။