သံတွဲမြို့နယ် လင်းသီရွာအတွင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဒေသခံ(၁၀)‌ဦးသေဆုံး

သံတွဲမြို့နယ် လင်းသီရွာအတွင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဒေသခံ(၁၀)‌ဦးသေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ် လင်းသီရွာအတွင်းသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဒေသခံ(၁၀)‌ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့ ဘားတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းမှ ၂၀၂၄ ခုနှစ် မေလ (၁၄)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး (၁၂)လုံးပစ်ခတ်ရာ ‌လင်းသီရွာအတွင်း ကျရောက်ပြီး ဒေသခံ(၁၀)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

"တိုက်ပွဲမဖြစ်ဘူး။ ဘားတောင်ကပစ်တာ။ လက်နက်ကြီးနဲ့ (၁၂)ချက်။ အိမ်တွေတော့ ပျက်စီးတာရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးသည် လင်းသီရွာ ဇီတောပိုင်းကို တစ်လုံးကျပြီး ဒေသခံ(၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထပ်မံ၍ ရွှေအထက်တန်းကျောင်းရှေ့ ရဲစခန်းအနီးသို့ လက်နက်ကြီးကျကာ ကလေး(၂)ဦးနှင့် လူကြီး(၃)ဦးသေဆုံးသည်ဟု သိရသည်။

"မိသားစု တစ်စုလုံး ဆုံးတယ်။ ကလေးက ရင်ခွင်ထဲမှာမို့ ရှင်တယ်။ မိဘတွေခေါင်းထိသွားတယ်။ လက်ပြတ်ခြေပြတ်သမားတွေလဲရှိတယ်။"ဟု ဒေသခံတစ်ဦးက ဆက်‌ပြောသည်။

သေဆုံးသူများမှာ လင်းသီကျေးရွာမှ ကမန်လူမျိုးများဖြစ်သည့် ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅)နှစ်၊ အပုလေး (၂၁)နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇)နှစ်၊ ဦးမောင်တင်ညွန့် (၄၇)နှစ်၊ ဒေါ်မမေလီရန် (၇၅)နှစ်၊ ဒေါ်သန်းသန်း (၆၃)နှစ်၊ ဒေါ်မညံ့ (၅၅)နှစ်နှင့် ရွှေလှေကျေးရွာမှ ရခိုင်အမျိုးသမီး ဒေါ်သန်းမြင့်တို့ဖြစ်သည်ဟု သိရသည်။

"ဒီနေ့(မေလ ၁၅) မနက်(၅)နာရီလောက်ကစပြီး ဆူးပုပ်ကုန်းရွာနားမှာ တိုက်ပွဲထပ်ဖြစ်တယ်။ မနက်(၈)နာရီကျော်မှာ လေယာဉ်နဲ့  ဗုံးကြဲနေတယ်။ ဒေသခံတွေလည်း မပြေးနိုင်တော့ စုနေကြရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း သံတွဲမြို့ နှင့် (၁၀)မိုင်ဝန်းကျင်အကွာ ရေစင်ရွာအနီးသို့  စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်ကြူကြူလှ၏ရွာ ဇီးကျွန်းရွာ အောက်နတ်မော်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ နေအိမ်တလုံး မီးလောင်ကျွမ်းပြီး အရပ်သား (၃)ဦး ဒဏ်ရာရခဲ့သည်။  

စစ်ကောင်စီတပ်သည် သံတွဲမြို့အထွက် ဘားတောင်းတောင်နှင့် သံတွဲမြို့ပေါ်ရပ်ကွက်များအနီးရှိ သူခိုးစမ်းတောင်ကြောမှနေ၍ ဟောင်ဝှစ်ဇာအမြှောက်များနှင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

သံတွဲမြို့နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဧပြီလ(၁၃)ရက်နေ့မှစတင်ပြီး ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency