ယခုအချိန်မှာ စစ်ပွဲအတွက် ပြင်ဆင်ရမည့် အချိန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြော

ယခုအချိန်မှာ စစ်ပွဲအတွက် ပြင်ဆင်ရမည့် အချိန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြော
By Mr John

ပတ်ဝန်းကျင်တွင် မတည်ငြိမ်သည့် ပထဝီနိုင်ငံရေး အခြေအနေများ ဖြစ်ပေါ်နေခြင်းကြောင့် ယခုအချိန်မှာ ယခင်ကထက် စစ်ပွဲအတွက် ပြင်ဆင်ရမည့်အချိန် ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံ၏ အဓိက စစ်တက္ကသိုလ်ကို သွားရောက်စစ်ဆေးစဥ် ပြောကြားလိုက်ကြောင်း အစိုးရသတင်းဌာန KCNA က ၂၀၂၄ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် ဖော်ပြသည်။

၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ဖခင်ဖြစ်သူ၏ အမည်ပေးထားသော ကင်မ်ဂျုံအီလ် စစ်တပ်နှင့် နိုင်ငံရေးတက္ကသိုလ်သို့  ၂၀၂၄ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် သွားရောက်စစ်ဆေးစဥ် ကင်မ်ဂျုံအန်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထိုတက္ကသိုလ်မှာ မြောက်ကိုရီးယားတွင် အဆင့်အမြင့်ဆုံး စစ်ဘက်ပညာသင်ကြားရေး နေရာဖြစ်ကြောင်း KCNA က ဆိုသည်။

ကင်မ်ဂျုံအန် လက်ထက်တွင် မြောက်ကိုရီးယားက မကြာသေးမီ နှစ်များအတွင်း လက်နက်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လာခဲ့ပြီး ရုရှားနိုင်ငံနှင့် စစ်ဘက်ရေးရာနှင့် နိုင်ငံရေးတွင် ပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့သည်။ 

ယူကရိန်းနှင့် စစ်ပွဲတွင် မြောက်ကိုရီးယားက ရုရှားကို ကူညီပေးနေပြီး အပြန်အလှန်အားဖြင့် မဟာဗျူဟာမြောက် စစ်ရေးစီမံကိန်းများအတွက် ရုရှားထံမှ အကူအညီရနေသည်ဟု ဆိုသည်။

 

Source: Reuters