အမေရိကန်အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်တွင် အနိုင်ရပြီး ပြန်ထိန်းချုပ်လာနိုင်ဖွယ်ရှိ

Photo: GETTY IMAGES
Photo: GETTY IMAGES
အမေရိကန်အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်တွင် အနိုင်ရပြီး ပြန်ထိန်းချုပ်လာနိုင်ဖွယ်ရှိ
နိုဝင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံတွင် အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲများကို နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာစံတော်ချိန် နိုဝင်ဘာလ (၉) ရက် ညနေပိုင်းအထိ နောက်ဆုံးမဲရလဒ်များ မထွက်ပေါ်သေးသော်လည်း ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော် House of Representatives တွင် အမတ်နေရာအများစု အနိုင်ရပြီး ပြန်လည်ထိန်းချုပ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

အမေရိကန်အောက်လွှတ်တော်မှ ထိပ်တန်း ရီပတ်ဘလစ်ကန်အမတ်က ၎င်း၏ပါတီက သမ္မတဂျိုးဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီထံမှ အောက်လွှတ်တော်ကို သိမ်းပိုက်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ 

"ကျွန်တော်တို့ အောက်လွှတ်တော်ကို ပြန်ယူတော့မယ်ဆိုတာ ရှင်းပါတယ်" ဟု အောက်လွှတ်တော်မှ အနည်းစုခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ် Kevin MaCarthy က နိုဝင်ဘာလ (၉) ရက် အစောပိုင်းတွင် ပြောခဲ့သည်။

"ခင်ဗျားတို့ မနက်ဖြန် အိပ်ရာနိုးတဲ့အခါ ကျွန်တော်တို့က အများစုဖြစ်နေပြီး နန်စီပယ်လိုစီက အနည်းစု ဖြစ်နေပါလိမ့်မယ်" ဟု ကယ်လီဖိုးနီးယားပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ်က ဒီမိုကရက်တစ်ပါတီ၏ အသက် (၈၂) နှစ်အရွယ် အောက်လွှတ်တော်ဥက္ကဌကို ရည်ညွှန်းပြောခဲ့သည်။ 

အထက်လွှတ်တော် Senate တွင်မူ ပါတီနှစ်ခုလုံးက သိသိသာသာ အသာမရသေးဘဲ အကြိတ်အနယ်ရှိနေဆဲဟု ဆိုသည်။

ပြီးခဲ့သည့် (၂) နှစ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ လွှတ်တော်နှစ်ရပ်လုံးဖြစ်သည့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ကို ဒီမိုကရက်တစ်တို့က ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ 

လွှတ်တော်တစ်ရပ်တွင် ရှုံးနိမ့်ပြီး ထိန်းချုပ်မှု ဆုံးရှုံးခြင်းက ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်၏ လုပ်ငန်းအစီအစဥ်များကို နှောင့်နှေးစေမည် ဖြစ်သည်။

မြန်မာစံတော်ချိန် နိုဝင်ဘာလ (၉) ရက်နေ့၏ ညနေပိုင်းအထိ ရွေးကောက်ပွဲရလဒ်များကို ပြည်နယ်အလိုက် ကြေညာနေဆဲဖြစ်ပြီး ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်နိုင်မှုတွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန်တို့ ဘက်မျှနေသည့် အခြေအနေဟု ဆိုရမည်ဖြစ်ပြီး နောက်ဆုံး မဲရလဒ်များကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။