မိုင်းယောင်းမြို့တွင် ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ဓါးပြအဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံး 

သေနတ်ဖြင့် ပစ်ခတ်စဉ်
သေနတ်ဖြင့် ပစ်ခတ်စဉ်
မိုင်းယောင်းမြို့တွင် ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ဓါးပြအဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံး 

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းယောင်းမြို့တွင် ရွှေဆိုင်ဓါးပြတိုက်ခံရမှု ဖြစ်ပွားပြီး ဓါးပြအဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်  အမျိုးသမီး(၁)ဦး သေဆုံးကာ ဆိုင်ရှင်မှာ ကျည်ထိ၍ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

မိုင်းယောင်းမြို့ ရပ်ကွက်(၈)ရှိ ဧဝရတ်ရွှေဆိုင် တွင် ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ(၈)ရက်နေ့ နေ့လည်(၂)နာရီ (၃၈)မိနစ်အချိန်က ဓါးပြတိုက်မှုဖြစ်ပွားခြင်း ဖြစ်သည်။

သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား(၄)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် နေ့လည်(၂)နာရီ (၃၈)မိနစ်အချိန်တွင် ရောက်ရှိလာပြီး ဓါးပြတိုက်ခြင်းဖြစ်ပြီး ဓါးပြအဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရွှေဆိုင်အနီး နေအိမ်မှ အမျိုးသမီး(၁)ဦး ဦးခေါင်းတွင် ကျည်ထိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"ပိုင်ရှင် ဦးစိုင်းခမ်းတစ် ကတော့ ခြေထောက်မှာ ကျည်ထိပြီး ဒဏ်ရာရတယ်။ အိမ်နီးချင်း အမျိုးသမီးကတော့ ဦးခေါင်းကို ပစ်ခံရပြီး ဆုံးသွားတယ်။"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဓါးပြတစ်ဦး

ဦးခေါင်းတွင် ကျည်ထိပြီး သေဆုံးသွားသည့် အမျိုးသမီးမှာ အသက်(၂၉)နှစ်ဝန်းကျင်ရှိ မအီမွန်းဆိုသူဖြစ်ပြီး ၎င်းတွင် လသားအရွယ် ကလေးငယ်တစ်ဦးရှိကြောင်း နှင့် ၎င်းသည် ဓါးပြတိုက်သည့်အချိန်တွင် ၎င်း၏ ဖိနပ်ဆိုင်ထဲတွင်နေရာမှ  ဆူညံသံကြား၍ အပြင်သို့ ထွက်ကြည့်ရာက ကျည်ထိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ 

ဓါးပြအဖွဲ့သည် ရွှေဆိုင်အတွင်းမှ ရွှေများကို ယူဆောင်သွားပြီး ၎င်းတို့ စီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်ခွာသွားကြကြောင်း သိရသည်။

ဓါးပြတိုက်ခံရမှုကြောင့်‌ ရွှေထည်ပစ္စည်း မည်မျှ ပါသွားသည်ကိုတော့ အတိအကျ မသိရသေးပေ။

မိုင်းယောင်းမြို့တွင် ယခင်ကတည်းက ဆိုင်ကယ်ခိုးခံရမှုများနှင့် ဖောက်ထွင်းခိုးခံရမှုများသာ ဖြစ်ပွားသည်များရှိသော်လည်း ယခုလို ဓါးပြတိုက်မှုများ တကြိမ်မှ မဖြစ်ဖူးသည့်အတွက် ဒေသခံများအနေဖြင့် ထိတ်လန့်မှုများ ဖြစ်နေကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"မိုင်းယောင်းမှာက အခုလို တစ်ခါမှ မဖြစ်ဖူးဘူး။ ခိုးမှုတွေလောက်ပဲ ဖြစ်တာ။ အခုလို ဓါးပြတိုက်မှု နဲ့အတူ လူပါသေတဲ့အထိ ဖြစ်တာဆိုတော့ တော်တော်များများ အထိတ်တလန့် ဖြစ်နေကြတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့သည်  ၂၀၂၂ခုနှစ် မတိုင်မီက တာချီလိတ်ခရိုင်၏ လက်အောက်ခံမြို့ဖြစ်ခဲ့ပြီးနောက် ၂၀၂၂ခုနှစ်အလွန်တွင် မိုင်းယောင်းခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် ခရိုင်ရုံးစိုက်ရာ မြို့ ဖြစ်သည်။