တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအတွက် ရောက်ရှိလာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် နေ့ချင်းပြန်သွား

တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအတွက် ရောက်ရှိလာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် နေ့ချင်းပြန်သွား
ဧပြီ 5, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၊ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် ပြုလုပ်မည့် နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအတွက်  အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အဖွဲ့ ယနေ့ ဧပြီလ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီးနောက် ညနေပိုင်းတွင် ပြန်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် နှင့် အဖွဲ့သည်  နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ရောက်ရှိပြီးနောက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပမည့်နေရာသို့ သွားရောက်ကာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားသို့ ကြွရောက်လာမည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ ၏ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့်စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့ မှုရှိစေရန် စီစဉ်ဆောင်ရွက်ပေးရေးနှင့်  အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားရန် မှာကြားပြီးနောက် ပြန်သွားသည်ဟု သိရသည်။

၎င်းပြန်သွားသော်လည်း ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေး နှင့် အဖွဲ့ ကျန်ရှိမည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးပေ။ 

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် နဂါးနှစ်ကောင်ဆရာတော် ပျံလွန်တော်မူသည့် ဖေဖော်ဝါရီလ(၈)ရက်နေ့က ရောက်ရှိလာပြီးနောက် ယနေ့ ဧပြီလ(၅)ရက်နေ့တွင် ထပ်မံရောက်ရှိလာရာ ဆရာတော်ကြီး၏ ဈာပနကာလအတွင်း (၂)ကြိမ် တိတိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သက်တော်(၉၇)နှစ် ဝါတော်(၇၇)ဝါရှိ နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားနေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်နိုင်ရန်အတွက် လုံခြုံရေးများကို အထူးစီစဉ်ထားရှိသလို ဈာပနကွင်းအတွင်း ဝင်ရောက်သူများ နံပါတ်အစဉ်လိုက်ပါသည့် လည်ဆွဲများတပ်ဆင်ရန်နှင့် လွယ်အိတ်၊ ရေဗူးနှင့်ဖုန်းများပါ ယူဆောင်ခွင့် တားမြစ်ထားသည်အထိ စီစဉ်ထားသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယနေ့ ညနေပိုင်းတွင် ၎င်းစီးလာသည့် လေယာဉ်ဖြင့် ပြန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ  နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ပျံလွန်တော်မူသွားခြင်းဖြစ်ပြီး ဧပြီလ(၆)ရက်နေ့တွင် အန္တိမအဂ္ဂိဈာပန အခမ်းအနားကို တာချီလိတ် - မိုင်းဖုန်း သွားလမ်း နှင့် မြို့ပတ်လမ်းထောင့်အနီးရှိ  ကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။