ထိုင်းနိုင်ငံကနေ သင်္ကြန်ကာလအတွင်း  နေရပ်ပြန်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ဝင်ကြေး ကင်းလွတ်ခွင့်ပြုမည်

ထိုင်းနိုင်ငံကနေ သင်္ကြန်ကာလအတွင်း  နေရပ်ပြန်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ဝင်ကြေး ကင်းလွတ်ခွင့်ပြုမည်
By Mr John

 ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြပြီး ၂၀၂၄ သင်္ကြန်ပွဲတော် (Songkran Festival 2024) ဆင်နွှဲရန် မွေးရပ်မြေ ပြန်ကြသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ  သင်္ကြန်အပြီး နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်ချိန်တွင် ပြန်ဝင်ကြေး ဘတ် (၁,၀၀၀) ကို ပေးဆောင်ရမှုကို ကင်းလွတ်ခွင့်ပြုရန် ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ အလုပ်သမားဝန်ကြီးဌာနက အဆိုပြုခဲ့သည်။

ထိုအဆိုပြုမှုကို ပြည်ပအလုပ်သမား စီမံခန့်ခွဲမှု မူဝါဒရေးရာ ကော်မတီ Committee on Foreign Worker Management Policy (KBT) ၏ ၂၀၂၄ ခုနှစ် ပထမအကြိမ် အစည်းအဝေးတွင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ 

ပြန်ဝင်ကြေး ကင်းလွတ်ခွင့်ပြုရန် စီစဥ်ခြင်းမှာ ရွှေ့ပြောင်းအလုပ်သမားများ အာဆီယံ နှစ်သစ်ကူးကာလအတွင်း ၎င်းတို့၏ မွေးရပ် နိုင်ငံများသို့ ပြန်ကြသည့် ခရီးစဥ် အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်းသို့ ပြန်ဝင်ကြေး ကင်းလွတ်ခွင့်ပြုမှုနှင့် ပတ်သက်၍ အောက်ပါအတိုင်း လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။

၁။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကိုင်ခွင့် (work permit) ရရှိထားသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်စ်ပို့ သို့မဟုတ် ခရီးသွား စာရွက်စာတမ်းများတွင် တံဆိပ်တုံးထုထားပြီး ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ရန်ခွင့် ရရှိထားသော ၎င်းတို့၏ မှီခိုသူများ၊ အနည်းဆုံး ၂၀၂၄ ခုနှစ် မေလ (၁၅) ရက်နေ့အထိ ဗီဇာသက်တမ်းရှိသူများ အနေဖြင့် ၂၀၂၄ သင်္ကြန်ပွဲတော် ဆင်နွှဲရန် ၂၀၂၄ ခုနှစ် ဧပြီလ (၁) ရက်နှင့် မေလ (၁၅) ရက်အတွင်း ၎င်းတို့၏ မွေးရပ် နိုင်ငံများသို့ ပြန်သွားနိုင်ပြီး ထိုင်းနိုင်ငံအတွင်း ပြန်ဝင်ကြေး ပေးဆောင်စရာမလိုဘဲ ပြန်လည်ဝင်ရောက်နိုင်မည်။

၂။ ထိုသို့မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်းသို့ ၂၀၂၄ ခုနှစ် မေလ (၁၅) ရက် နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်လိုသည့် ရွှေ့ပြောင်းအလုပ်သမားများ သို့မဟုတ် ပြန်လာမည့်ရက် အတိအကျ မသိရသေးသော ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့်မူ လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း ထိုင်းနိုင်ငံမှ ထွက်ခွာခွင့်နှင့် ဝင်ရောက်ခွင့်ကို လျှောက်ထားနိုင်မည် ဖြစ်သည်။

Source: Khaosod