ဖိလစ်ပိုင်ကမ်းလွန်တွင် နစ်မြုပ်ခဲ့သည့် ရေနံတင်သင်္ဘောမှ ရေနံများ ယိုစိမ့်ထွက်လာပြီးနောက် ကမ်းရိုးတန်းနေသူ (၄၀)ကျော်  နာမကျန်းဖြစ်

ဖိလစ်ပိုင်ကမ်းလွန်တွင် နစ်မြုပ်ခဲ့သည့် ရေနံတင်သင်္ဘောမှ ရေနံများ ယိုစိမ့်ထွက်လာပြီးနောက် ကမ်းရိုးတန်းနေသူ (၄၀)ကျော်  နာမကျန်းဖြစ်
By Mr John

ဖိလစ်ပိုင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်သွားသည့် ရေနံတင်သင်္ဘောတစ်စီးမှ ရေနံများ ကမ်းရိုးတန်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ကမ်းရိုးတန်း တစ်လျှောက် နေထိုင်ကြသည့် ဒေသခံ (၄၀)ကျော် နာမကျန်းဖြစ်ခဲ့ကြကြောင်း အစိုးရတာဝန်ရှိသူများက ၂၀၂၃ခုနှစ် မတ်လ (၈) ရက်နေ့တွင် ပြောသည်။ 

စက်မှုလုပ်ငန်းသုံး လောင်စာဆီ လီတာ (၈၀၀,၀၀၀) သယ်ဆောင်လာသည့် Princess Empress ရေနံတင်သင်္ဘောမှာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း  မနီလာမြို့တော် တောင်ဘက်ရှိ Mindoro ကျွန်း ကမ်းလွန်ပင်လယ်ပြင်တွင် လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး ရေနံများ ယိုစိမ့်ထွက်နေသည့် သင်္ဘောဆီသို့ ရောက်ရှိနိုင်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြိုပမ်းနေကြောင်း သိရသည်။ 

ဒီဇယ်နှင့် ထူထပ်သည့် ရေနံများမှာ ရေပြင်ကို ညစ်ညမ်းစေခဲ့ပြီး Oriental Mindoro ပြည်နယ်၏ ကမ်းရိုးတန်းတစ်လျှောက် နယ်မြေ (၉) ခု၏ ကမ်းခြေများသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Humerlito Dolor က သတင်းထောက်များကို ပြောသည်။

ပင်လယ်ပြင်တွင် ရေနံများ ပျံ့နှံ့သွားမှုမှာ ဖိလစ်ပိုင်တောင်ပိုင်း Semirara ကျွန်းအထိ ရောက်ရှိခဲ့ကြောင်း ထိုကျွန်းမှာ ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာမှ မိုင် (၈၀) ကျော် ဝေးကွာကြောင်း သိရသည်။ 

နစ်မြုပ်သွားသည့် ရေနံတင်သင်္ဘောမှ ရေနံများ ယိုစိမ့်ပျံ့နှံ့နေမှုကြောင့် ဒေသ၏ ပေါများသည့် ရေနေသတ္တဝါများနှင့် စီးပွားရေးအတွက် စိုးရိမ်မှုများရှိနေသည်။

ရေနံကြောင့် ညစ်ညမ်းနေသည့် ပင်လယ်ရေများ ၎င်းတို့၏ ကမ်းရိုးတန်းများသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ကမ်းရိုးတန်းများတစ်လျှောက် ကျေးရွာများတွင် နေထိုင်ကြသူ အနည်းဆုံး (၄၃)ဦး နာမကျန်းဖြစ်ခဲ့ကြီး အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ခံစားခဲ့ကြရသည်ဟု ပြည်နယ် ကျန်းမာရေးအရာရှိ Cielo Ante က ပြောသည်။

ဒေသခံများနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ရေနံဖုံးနေသည့် ပင်လယ်ရေမှော်များနှင့် အခြား အမှိုက်များကို ကမ်းခြေများမှ ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။ 

ရေနံတင်သင်္ဘောမှာ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ (၄၀၀) ခန့်တွင် ရှိနေသည်ဟု ယူဆထားသော်လည်း တည်နေရာအတိအကျကို အဝေးထိန်းစနစ်ဖြင့် ခုတ်မောင်းသည့် ရေယာဥ်ဖြင့် အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။

ထောင်နှင့်ချီသည့် တံငါသည်များကို ဘေးကင်းစွာဖြင့် ငါးဖမ်းနိုင်ချိန်အထိ ပင်လယ်ပြင်မထွက်ဘဲ ကမ်းရိုးတန်းတွင်နေကြရန် ညွှန်ကြားထားပြီး ရေမကူးရန်လည်း တားမြစ်ပိတ်ပင်ထားသည်။

ရေနံတင်သင်္ဘောမှ ရေနံများယိုစိမ့်မှုမှာ ခန့်မှန်းခြေအားဖြင့် သန္တာကျောက်တန်း (၅၉၁) ဟက်တာ၊ လမုတော (၁,၆၂၆) ဟက်တာနှင့် ပင်လယ်ရေမှော် (၃၆၂) ဟက်တာကို ထိခိုက်သက်ရောက်နိုင်ကြောင်း ဖိလစ်ပိုင်အစိုးရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Maria Antonia Loyzaga က ကနဦး ပြောခဲ့သည်။

Source: Bangkok Post