၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့(၆)မြို့နှင့် တပ်စခန်း(၆၅)ခုကို သိမ်းပိုက်ရရှိကြောင်း ဒီးမော့ဆို PDF ထုတ်ပြန်

၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့(၆)မြို့နှင့် တပ်စခန်း(၆၅)ခုကို သိမ်းပိုက်ရရှိကြောင်း ဒီးမော့ဆို PDF ထုတ်ပြန်
မတ် 23, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မြို့(၆)မြို့နှင့် စစ်ကောင်စီတပ်စခန်း (၆၅)ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

၂၀၂၃ခုနှစ် နိုဝင်ဘာလတွင်စတင်ခဲ့သည့် (၁၁၁၁)စစ်ဆင်ရေးကာလအတွင်း ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ရွာသစ်၊ ရှားတော၊ မော်ချီးနှင့် မိုးဗြဲမြို့တို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားနိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသည့် စခန်း(၁၆)ခုရှိခဲ့သည်ဟု သိရသည်။

ကရင်နီတော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည့်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း(၁၂)ခု၊ ဒီးမော့ဆိုမြို့နယ်မှ စခန်း(၁၃)ခု၊ ဖားဆောင်းမြို့နယ်မှ စခန်း(၉)ခု၊ ဘောလခဲမြို့နယ်မှ စခန်း(၅)ခု၊ ရှားတောမြို့နယ်မှ စခန်း (၇)ခု၊ ဖယ်ခုံမြို့နယ်မှ စခန်း(၁၇)ခု၊ မယ်စဲ့မြို့နယ်မှ စခန်း (၁)ခု၊ ဖရူဆိုမြို့နယ်မှ စခန်း(၁)ခု စုစုပေါင်းစခန်း(၆၅)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီ-ထိုင်းနယ်စပ်တလျောက် ၂၀၂၃ခုနှစ် ဇွန်လ (၁၃)ရက်နေ့ကစတင်ခဲ့သော မိုခါမုန်တိုင်းစစ်ဆင်ရေးနှင့် နိုဝင်ဘာလစတင်ခဲ့သော ၁၁၁၁ စစ်ဆင်ရေးကြောင့် ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တချို့နှင့် နယ်စပ်တလျောက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို အပြီးတိုင် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး သံလွင်အရှေ့ခြမ်းနှင့် မယ်စဲ့၊ ရှားတောတို့သည် စစ်ကောင်စီ ကင်းစင်နယ်မြေများဖြစ်လာပြီဟု ဆိုသည်။

မိုခါမုန်တိုင်းစစ်ဆင်ရေးတွင် နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း (၇)ခုနှင့် မယ်စဲ့မြို့တို့ကို ၂၀၂၃ခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Karenni Nationalities Defense Force-KNDF