ထိုင်းနိုင်ငံက အပန်းဖြေရန် ဆေးခြောက်သုံးခြင်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် တားမြစ်ပိတ်ပင်သွားမည်ဟု ကျန်းမာရေးဝန်ကြီးက Reuters သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။
သို့သော် ဆေးကုမှုနှင့်ဆိုင်သော ဆေးခြောက်အသုံးပြုမှုကို ဆက်လက် ခွင့်ပြုမည်ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံမှာ ဆေးကုသမှုဆိုင်ရာ ဆေးခြောက်အသုံးပြုမှုကို ၂၀၁၈ ခုနှစ်တွင် တရားဝင် ခွင့်ပြုပေးခဲ့သည်။
ထို့နောက် အပန်းဖြေရန် ဆေးခြောက်အသုံးပြုမှုကို ၂၀၂၂ ခုနှစ်တွင် လည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အရှေ့တောင်အာရှတွင် ဆေးခြောက်အသုံးပြုမှုကို ခွင့်ပြုသော ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံတွင် ဆေးခြောက်သုံးခြင်းကို တရားဝင် ခွင့်ပြုခဲ့ပြီးနောက် ဆေးခြောက်အရောင်းဆိုင်များ ထောင်သောင်းချီ ရှိလာခဲ့ပြီး ဆေးခြောက်လုပ်ငန်းမှာ လာမည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံ တန်ဖိုးရှိမည်ဟု ခန့်မှန်းထားသည်။
ဆေးခြောက်နှင့် ပတ်သက်၍ စည်းမျဥ်းများကို အလျင်စလို ထုတ်ခဲ့ကြောင်းနှင့် တစ်ပတ်အတွင်း ချမှတ်လိုက်ကြောင်း ဝေဖန်သူများက ထောက်ပြလာကြပြီးနောက် အစိုးရက ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေသစ်တစ်ရပ်ကို မူကြမ်းရေးဆွဲခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် လွှတ်တော် အတည်ပြုချက်ရယူပြီး အသက်ဝင်မည်ဟု ခန့်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီး Cholnan Srikaew က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ပြောခဲ့သည်။
ယခင်အစိုးရလက်ထက်တွင် ဆေးခြောက်နှင့် ပတ်သက်၍ အသေးစိတ် စည်းမျဥ်းဥပဒေကို လွှတ်တော်တွင် အတည်မပြုနိုင်ခဲ့ရာ ထိုင်းနိုင်ငံတွင် ဆေးခြောက်အသုံးပြုမှုကို ထိန်းချုပ်ရန် ဥပဒေမရှိ ဖြစ်နေခဲ့သည်။
ယခုအစိုးရ၏ ဥပဒေမူကြမ်း အသက်ဝင်လာပါက တရားမဝင် ဆေးခြောက်အရောင်းဆိုင်များကို ဆက်လက် ရောင်းချခွင့်ပြုတော့မည် မဟုတ်ဘဲ နေအိမ်တွင် ဆေးခြောက်စိုက်ပျိုးခြင်းကိုလည်း အားမပေးထားကြောင်း Cholnan က ဆိုသည်။
၎င်း၏ အဆိုအရ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော ဆေးခြောက်အရောင်းဆိုင် (၂၀,၀၀၀) ရှိကြောင်း သိရသည်။
Source: Reuters