နယ်သာလန်နိုင်ငံတွင် ဘုရင် ဝီလမ်အလက်ဇန်းဒါး (Willem-Alexander) နှင့် ၎င်း၏ မိသားစုကို ဝင်ငွေခွန်ပေးဆောင်စေမည့် အစီအစဥ်၏ ပထမခြေလှမ်းအဖြစ် လွှတ်တော်အမတ်များက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် မဲခွဲဆုံးဖြတ်မှု ပြုလုပ်သွားမည်ဟု ဆိုသည်။
နယ်သာလန်ဘုရင်နှင့် မိသားစုကို ဝင်ငွေခွန်ပေးဆောင်စေမည့် အစီအစဥ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ် လိုအပ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ် အဆိုပြုရန် လွှတ်တော်က အစိုးရကို တောင်းဆိုမှုနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး နယ်သာလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်နှစ်ရပ်မှ ထောက်ခံမဲ သုံးပုံနှစ်ပုံ လိုအပ်ကြောင်း သိရသည်။
ထိုအဆိုပြုချက်ကို အောက်လွှတ်တော် (House of Representatives) တွင် လုံလောက်သည့် ထောက်ခံမှုရရှိပုံရသော်လည်း အထက်လွှတ်တော် (Senate) တွင်မူ ထောက်ခံမှု သိသိသာသာ နည်းပါးသည်ဟု ဆိုသည်။
ဘုရင်နှင့်မိသားစုထံမှ ဝင်ငွေခွန်ကောက်ခံရန်နှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အချေအတင် ဆွေးနွေးမှုအတွင်း အထက်လွှတ်တော် အမတ်နေရာအများစု ရရှိထားသည့် Farmer-Citizen Movement (BBB) ပါတီက ထိုအစီအစဥ်ကို ထောက်ခံလိုပုံရခဲ့သော်လည်း နောက်ပိုင်းတွင် မထောက်ခံတော့ကြောင်း Reuters သတင်းက ဖော်ပြသည်။
နယ်သာလန် တော်ဝင်မိသားစုမှာ ၎င်းတို့၏ ကိုယ်ပိုင်ဝင်ငွေထက် အခွန်ထမ်းပြည်သူများထံမှ အခွန်ကင်းလွတ်ခွင့်ရထားသော ငွေများကို ရရှိနေသည်။
ထိုငွေများအနက် အချို့ကို အခွန်ကောက်ခံသည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ်တွင် နယ်သာလန်ဘုရင်၊ ၎င်း၏မိဖုရား မက်ဆီမာ (Maxima) နှင့် ၎င်း၏သမီးနှင့် အမွေဆက်ခံသူ မင်းသမီး အမ်မလီယာ (Amalia)၊ ၎င်း၏မိခင် ဘီထရစ် (Beatrix) တို့က စုစုပေါင်း ယူရိုငွေ (၁၁.၆) သန်း (အမေရိကန်ဒေါ်လာ ၁၂.၆၁ သန်း) လက်ခံရရှိခဲ့ကြောင်း သိရသည်။
COVID ကပ်ရောဂါကာလအတွင်း စည်းမျဥ်းချိုးဖောက်ကာ ခရီးသွားလာမှုကြောင့် နယ်သာလန် တော်ဝင်မိသားစုကို လူကြိုက်များမှုနှုန်း လျော့ကျသွားခဲ့သည်။
ယခုအခါ နယ်သာလန်တွင် လူဦးရေ၏ (၅၅) ရာခိုင်နှုန်းက ဘုရင်ကို ထောက်ခံကြကြောင်းနှင့် COVID ကပ်ရောဂါကာလအတွင်း တော်ဝင်မိသားစု ခရီးသွားလာခဲ့မှု မတိုင်မီကမူ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းက ထောက်ခံခဲ့ကြရာမှ ထောက်ခံမှုနှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း NOS သတင်းဌာနက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သိရှိရသည်။
ထိုစစ်တမ်းအရ နယ်သာလန်လူဦးရေ၏ (၄၆) ရာခိုင်နှုန်းက ဘုရင်ကို ယုံကြည်မှုရှိကြောင်း ဖြေကြားခဲ့ကြသည်။
ဗြိတိန်တွင်မူ ကွယ်လွန်သွားပြီဖြစ်သည့် ဘုရင်မကြီး အဲလိဇဘက်သ်က တော်ဝင်မိသားစု၏ ချမ်းသာကြွယ်ဝမှုနှင့် ပတ်သက်၍ ဝေဖန်မှုများရှိလာခဲ့ရာ ၁၉၉၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ငွေခွန်ပေးဆောင်ခဲ့ကြောင်း သိရသည်။
Source: Reuters