မိုးဗြဲတွင် ရေလျှံနေသဖြင့် စပါးခင်း ၁၀၀၀ ကျော်ရေနစ်ကာ စစ်ဘေးရှောင်ထောင်ချီ နေရာပြောင်း

မိုးဗြဲတွင် ရေလျှံနေသဖြင့် စပါးခင်း ၁၀၀၀ ကျော်ရေနစ်ကာ စစ်ဘေးရှောင်ထောင်ချီ နေရာပြောင်း
အောက်တိုဘာ 18, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေပြည့်နေသည့် မိုးဗြဲဆည်ကို စစ်ကောင်စီကဖောက်ချသဖြင့် မိုးဗြဲမြို့ရှိ စပါးခင်း (၁၀၀၀)ဝန်းကျင် ရေနစ်မြုပ်သွားပြီး စစ်ဘေးရှောင်ထောင်ချီလည်း နေရာပြောင်းရွှေ့နေရကြောင်း Moebye People Defense Force - Local PDFထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဘီလူးချောင်းမြစ်ရေ မြင့်တက်လာသည့်အပြင် မိုးဗြဲရေကာတာလည်း ရေပြည့်လာခြင်းကြောင့် စစ်ကောင်စီတပ်က ဖောက်ချသဖြင့် မိုးဗြဲမြို့အနီးနှင့် ဘီလူးချောင်း တောင်ဖက်ရှိ စပါးခင်းများ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့အထိ ရေနစ်မြုပ်နေခြင်းဖြစ်သည်ဟု မိုးဗြဲ Local PDFဗဟိုနှင့် ပြန်ကြားရေးတာဝန်ခံက Tachileik News Agencyကိုပြောသည်။

“စပါးကကျတော့ တစ်ချို့က လုံးဝကိုမြုပ်သွားတယ်ပေါ့နော်။ တစ်ချို့နေရာမှာဆိုရင် ရိတ်သိမ်းရမယ့် ပြောင်းပင်တွေလဲ မြုပ်ကုန်တယ်။ မိုးများတာလည်းပါသလို သူတို့ဖက်က ဖောက်ချတာလည်းပါတယ်ဗျ။”ဟု ၎င်းကပြောသည်။

ထို့အပြင် ချောင်းရေလျှံလာခြင်းကြောင့် ဘီလူးချောင်းအနီးတွင်နေထိုင်သော စစ်‌ဘေးရှောင်ပြည်သူ(၁၅၀၀)ဝန်းကျင်မှာလည်း တိမ်းရှောင်နေရသည့်အပြင် မြို့ပေါ်ရပ်ကွက်တချို့လည်း ရေနစ်မြုပ်နေသည်ဟု သိရသည်။

“စစ်ဘေးရှောင်တွေကျတော့ တစ်ချို့ကျ အဆင်မပြေလို့ မိုးဗြဲထဲပြန်နေတာရှိတယ်။ တချို့ကကျတော့ အခြားရွာထဲက စစ်ဘေးရှောင်တွေနဲ့ ပြန်နေတာရှိတယ်ဗျ။ မိုးဗြဲမြို့ပေါ်မှာလည်း မြုပ်တယ်ဗျ။ ညောင်ဝိုင်းရပ်ကွက်ကဆိုရင် မြုပ်နေတယ်။ ဘီလူးချောင်းဘေးမှာဘဲဆိုတော့။ တောင်ဖက်ကရွာတစ်ချို့လဲရေကြီးတယ်။”ဟု မိုးဗြဲ Local PDFဗဟိုနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းနေသည့်အပြင် စစ်ကောင်စီတပ်က ဆည်ကို ဆက်လက်ဖွင့်ထားသဖြင့် ရေပိုလျှံလာနိုင်သည်ဟုလည်း သိရသည်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် စျေးပိုင်း၊ ဒေါဥခူ၊ လောဓမ၊ နမ်းကွတ်၊ မိုင်းလုံး၊ မှုံပြာ၊ ရှမ်းပိုင်း စသည့်ရပ်ကွက်များတွင်လည်း ရေမြုပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : Moebye people defense force - Local PDF