တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦး ဓါးဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခံရ

တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦး ဓါးဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခံရ
အောက်တိုဘာ 15, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦး ဓါးဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခံထားရမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ခံရသူမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း လပ်ကီးဟိုတယ် လမ်းထိပ်ရှိ ရွှေညောင်ပင်ဂိတ်ဟု လူသိများသည့် ဆိုင်ကယ် Taxi ဂိတ်မှ ကြောနံပါတ် Taxi 43 ဝတ်ဆင်သူ အသက်(၄၀)ဝန်းကျင်ရှိ ကိုထွန်းကြိုင်ဆိုသူ ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ် Taxi နံပါတ် 43 မှာ ယခုနှစ်အတွင်း ရွှေတာချီခရီးသွားလုပ်ငန်းက ကျောနံပါတ်နှစ်လုံးဖြင့် အသစ်ထပ်တိုးကာ ဘတ်ငွေ (၃၀,၀၀၀)ဖြင့် ထုတ်လုပ် ရောင်းချထားသည့် ဆိုင်ကယ်အင်္ကျီအထည် (၇၀)ကျော်ထဲက တစ်ထည်အပါအဝင်ဖြစ်သည်။

ရွှေတာချီခရီးသွားလုပ်ငန်းအနေဖြင့် ယခင်က ကြောနံပါတ်များကို 001 ကနေ စ၍ ထုတ်ထားသော်လည်း ယခု ၂၀၂၃ခုနှစ်အတွင်း၌ 01 ကနေ စ၍ အထည်(၇၀)ကျော်ကို ထပ်တိုး ထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတ်ခံရသူ၏ လည်ပင်းတွင် ဓါးဖြင့်ထိုးထားသလို အပေါက်ကြီး (၂)ပေါက်ရှိနေပြီး  ကြောပြင်တွင်လည်း ဓါးဖြင့် လှီးထားသည့်သဖွယ် ဒဏ်ရာကြီး (၂)ခု ရှိနေသည့်အပြင် ရင်ဘတ်နှင့် ဝမ်းဗိုက်အကြားတွင်လည်း ဓါးဒဏ်ရာရရှိကာ သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

"သတ်ခံရသူရဲ့ ဆိုင်ကယ်က ဒီအတိုင်း ကျန်ရှိနေတယ်။ သူ့ရဲ့ ဖုန်းကိုတော့ ရှာမတွေ့ဘူး။ ကျွန်တော်တို့ သုံးသပ်တာကတော့ ဆိုင်ကယ်လည်း မယူသွားပုံထောက်ရင် ဒါဟာ ဆိုင်ကယ် Taxi ခ တောင်းရာကနေ အချင်းများပြီး ဖြစ်တာလားလို့ တွေးမိပေမဲ့ ဖြစ်စဉ်အတိအကျကိုတော့ ကျွန်တော်တို့ သေချာမသိသေးပါဘူး။"ဟု ရွှေတာချီခရီးသွားလုပ်ငန်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ပြောသည်။

လူသတ်တရားခံနှင့် ပတ်သက်၍ ဆိုင်ကယ် Taxi ဂိတ်သို့ တစ်ဦးတည်း ရောက်လာသူဖြစ်ပြီး အသားဖြူကာ အနည်းငယ် ပိန်ကြောင်း သိရသည်။

သတ်ခံရသူသည် ၎င်း၏ ဆိုင်ကယ် Taxi ဂိတ်နှင့် (၃)မိုင် ဝန်းကျင်ကွာဝေးသည့် လွယ်စတုံအကျော် ဝမ်းလုံးကျေးရွာအုပ်စုအပိုင်းထဲရှိ လူသွားလူလာနည်းသည့် လယ်ကွင်းတစ်ခုတွင် သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်မှုများနှင့်ပတ်သက်၍လည်း ဆိုင်ကယ် Taxi သမားများအပေါ်  အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယူရန်ကြိုးစားသည့် ဖြစ်စဉ်များလည်း မကြာခဏ ကြုံတွေ့နေရကြောင်း သိရသည်။