ကိုယ်ဝန်ဆောင် မအေးငြိမ်းသူဈာပန ယနေ့ပြုလုပ်

ကိုယ်ဝန်ဆောင် မအေးငြိမ်းသူဈာပန ယနေ့ပြုလုပ်

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောကျွန်းဆွယ်ရပ်ကွက်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကိုယ်ဝန်ဆာင် မအေးငြိမ်းသူ၏ ဈာပနကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွေးဖွားဖို့ရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူကို ဩဂုတ်လ(၁၀)ရက်နေ့ နေ့လယ်ပိုင်းက ကျွဲကြီးဦးဆောင်သည့် (၇)ဦးပါအဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ ပစ်ခတ်သွားပြီး ဖုန်း(၂)လုံးနှင့် ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားခြင်းဖြစ်သည်။

၎င်းတို့ကို ဩဂုတ်လ (၁၀)ရက်နေ့ ညပိုင်းတွင် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ လွှဲအပ်မည်ဖြစ်ကာ NUGကချမှတ်ထားသည့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ (ပလဖ)ခေါင်းဆောင် ကိုလီယိုက Tachileik News Agencyကိုပြောထားသည်။။

“ကျွန်တော်ပြောချင်တာက တရားခံမိသွားပြီ။ ပြည်သူတွေ သို့လော၊ သို့လောဖြစ်နေတဲ့ တရားခံကိုမိသွားပြီ။ အဲဒီတရားခံကို အရေးယူဆောင်ရွက်မှုတွေ လုပ်နေတယ်။ နောက်ကျန်ရစ်တဲ့ မိသားစုလည်း စိတ်သက်သာရာရစေလိုတယ်။ ရတော့ မရပါဘူး၊ သေသွားတဲ့ အသက်နှစ်ချောင်းအတွက်။ အဲဒီအတွက် တရားမျှတမှုတစ်ခုတော့ ပြန်ပြီးပေးရမှာပေါ့။”ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ (ပလဖ)ခေါင်းဆောင် ကိုလီယိုက Tachileik News Agencyကိုပြောထားသည်။

သံသယရှိသည့် (၇)ဦးအဖွဲ့ကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ရာ သတင်းပေးချက်ရရှိသဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုပြီး ပစ်ခတ်မှုလုပ်ဆောင်သူ (၃)ဦးကလည်း ဝန်ခံထွက်ဆိုသည်ဟု သိရသည်။

#TachileikNewsAgency

Photo :𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞